မတူပီမြို့နယ် ပညာရေးမှူးအသတ်ခံရမှု နိုင်ငံတကာ ဒိုင်လူမျိုး အဖွဲ့အစည်းတွေ ရှုတ်ချ

ချင်းပြည်နယ်၊ မတူပီမြို့က မြို့နယ်ပညာရေးမှူး အသတ်ခံရမှုကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ မြောက်အမေရိက ဒိုင်ကော်မတီနဲ့ နိုင်ငံတကာဒိုင် CDF ထောက်ပံ့ရေး ကော်မတီအဖွဲ့ (North American Dai Community & International Dai CDF Supporting Committee)က အောက်တိုဘာ ၃၀ ရက်နေ့မှာ ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့ဟာ ဆရာကြီး ဦးတင်လွေးကို ပြစ်မှုကျူးလွန်တဲ့ အကြောင်း ပွင့်လင်းမြင်သာစွာ တရားဝင်အသိပေး ထုတ်ပြန်တာ မရှိတဲ့အပြင် အကြောင်းပြချက် ခိုင်လုံတဲ့ သက်သေ အထောက်အထားမရှိဘဲ Non-CDM ဒလန်လို့ စွပ်စွဲပြီး အာဏာရှင်ဆန်စွာ သတ်ဖြတ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က မတူပီမြို့နယ်ပညာရေးမှူး ဦးတင်လွေးဟာ နေအိမ်မှာပဲ မတူပီ CDF အဖွဲ့ရဲ့ သေနတ်နဲ့ ပစ်သတ်တာကို ခံခဲ့ရပါတယ်။

CDF- Matupi အနေနဲ့ ဦးတင်လွေးကို ဖမ်းဆီးစစ်ဆေးတာမလုပ်ဘဲ မိသားစုဝင်တွေ အရှေ့မှာ သတ်ဖြတ်ခြင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ Non CDM တွေကို အပြစ်ပေးအရေးယူနိုင်ရေး ကြေငြာချက်ကို ဆန့်ကျင့်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကထုတ်ပြန်တဲ့ မတူပီ CDF အဖွဲ့ရဲ့ ထုတ်ပြန်ချက် မှာတော့ မတူပီမြို့နယ် ပညာရေးမှူး ဦးတင်လွေးဟာ Non-CDM တစ်ဦးဖြစ်ပြီး CDM တွေကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လုပ်ဖို့ ဖိအားပေးတာ၊ CDM စာရင်း တွေကို စစ်ကောင်စီထံကို ပို့ပေးတာ၊ တချို့ CDM တွေရဲ့လစာတွေကို ဗိုလ်မှူး၀င်းနိုင်နဲ့ ပေါင်းပြီး ထုတ်ယူတာ စတာတွေကို လုပ်ဆောင်နေတာကြောင့် စာနဲ့ (၃) ကြိမ်၊ နှုတ်နဲ့အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လုံးဝလိုက်နာခြင်းမရှိဘဲ မတူပီ CDF အဖွဲ့ကိုပါ ပြန်လည် ခြိမ်းခြောက်ခဲ့တာကြောင့် ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ရှင်းလင်းခဲ့တာလို့ ရေးသားထားပါတယ်။