မောင်တောတိုက်ပွဲ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိတယ်လို့ AA ကြေညာ

ရခိုင်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ် တပ်မ ၇၇ တို့ နိုဝင်ဘာ ၁၈ ရက်နေ့က မောင်တောမြို့ မြောက်ပိုင်းမှာ တိုက်ပွဲမှာ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီနေ့ သတင်းထုတ်ပြန် ခဲ့ပါတယ်။

မနေ့က နေ့လယ်လောက်က စတင်ဖြစ်ပွားခဲ့တဲ့ ငါးနာရီကြာတိုက်ပွဲမှာ စစ်ကောင်စီတပ် ဘက်က ၁၀ ဦးသေဆုံးပြီး ၁၅ ဦးလောက် ဒဏ်ရရာရှိခဲ့တဲ့အပြင် စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဂျက်တိုက်လေယာဉ်၊ ဒရုန်းတွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖော်ဆောင်နေပြီး တစ်ဖက်မှာလည်း ဖမ်းဆီးထားတဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို လွှတ်ပေးလိုက်တယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၁၇ ယောက်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီကြေညာလို့ သိခဲ့ရပေမယ့် AA ဌာနချုပ်ကို ဆက်သွယ်လာတာ တစ်ယောက်မှ မရှိသေးဘူးလို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲ အခြေအနေတွေနဲ့ ပြန်လွှတ်လိုက် AA တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

စစ်ကောင်စီအနေနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က တပ်ဖွဲ့ဝင် စုစုပေါင်း ၄၁ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ် ပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။