မောင်တောမှာ လက်နက်ကြီးကျည်ကြောင့် တစ်ရက်တည်း ၁ဝ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

2022.11.16
မောင်တောမှာ လက်နက်ကြီးကျည်ကြောင့် တစ်ရက်တည်း ၁ဝ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က မောင်တောမြို့နယ် ဂြစ်ချောင်းရွာထဲ ကျရောက်ခဲ့သည့် လက်နက်ကြီးကြောင့် သေဆုံးဒဏ်ရာရသူတစ်ဦးအား သယ်ဆောင်လာစဉ်။
Photo: Zaw Gyi

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂြစ်ချောင်းရွာထဲကို နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ နေ့လယ်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရွာသား ၁၀ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရွာသားတွေစုပြီး ပုန်းခိုနေတဲ့နေရာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အခုလို အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂြစ်ချောင်း ရွာသားတစ်ဦးကပြောပါတယ်။

“ရွာထဲကို လက်နက်ကြီး ငါးလုံး၊ ခြောက်လုံးကျပါတယ်။ သေနတ်သံတွေ ကြားကတည်းက ရွာသားတွေဟာ အိမ်ကြီးတွေမှာစုပြီး ပုန်းနေကြတာ။ အဲဒီပုန်းနေတဲ့နေရာကို လက်နက်ကြီးကျတာပါ။ ၁၀ ယောက်ပွဲချင်းပြီးသေတယ်။ နောက် ၂၄ ယောက် ဒဏ်ရာရတယ်။ ရွာအနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး”

ဒဏ်ရာရတဲ့ လူ ၂၄ ဦးကို မောင်တောဆေးရုံကိုပို့ထားပြီး အဲဒီအထဲက ၁၀ ယောက်ကတော့ တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လည်းဆိုပါတယ်။ သေဆုံးသွားသူတွေကိုတော့ အခု နေ့တွင်းချင်းပဲ သင်္ဂြိုဟ်လိုက်ပြီလို့လည်း ပြောပါတယ်။

အခု ရွာထဲကို ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးဖြစ်ပြီး၊ ဘယ်တပ်ရင်းက ပစ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီလက်နက်ကြီးဟာ သူတို့ပစ်တာ မဟုတ်ဘဲ ရက္ခိုင့်တပ်တော် (AA) ဘက်က ပစ်ခတ်တာလို့ ချက်ချင်းသတင်းထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ နိုဝင်ဘာ ၁၆ ရက်နေ့က မောင်တောမြို့နယ် ဂြစ်ချောင်းရွာထဲကိုကျတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်ရဲ့ မောင်တောမြို့နယ် နခခ (၇) က ပစ်ခတ်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
 
ဒါ့အပြင် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာဘက်မှာလည်း နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းက စစ်ကောင်စီ လက်နက်ကြီးကျည်ရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီလက်နက်ကြီးကျည်ဟာလည်း ကျောက်တော်မြို့ ကန်စောက် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းက ပစ်တာလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာ ၁၆ရက်နေ့အထိ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးရတဲ့အရပ်သား ၄၄ ဦးနဲ့ ဒဏ်ရာရသူ ၁၀၂ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။