ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် ရွာပေါင်း ၁၄ ရွာက ဒေသခံ ခြောက်ရာကျော် မြို့ပေါ် ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
မောင်တောမြောက်ပိုင်းက မင်းကြီးရွာအနီးမှာ စက်တင်ဘာလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ တာကြောင့် ဖားဝပ်ချောင်း၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ကြိမ်ချောင်း၊ နံသာတောင်၊ မင်္ဂလာညွန့်၊ တောင်ပြို၊ အောင်သပြေ၊ ခမောက်ဆိပ်၊ လောင်းဒုံ၊ ရန်အောင်ပြင်၊ သာယာ ကုန်း၊ မင်းကြီး၊ အထက်ပြူမ စတဲ့ရွာ ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
တိုက်ပွဲကြောင့် စိုးရိမ်ပြီး မောင်တောမြို့ပေါ်ကို ထွက်ပြေးလာကြတာလို့ စစ်ဘေးဒုက္ခသည် တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖြစ်တဲ့ရွာတွေနဲ့ နီးတဲ့ရွာတွေလည်းရှိတယ်။ မနီးတဲ့ရွာတွေလည်းရှိတယ်။ ဗုံးကျတဲ့ ရွာတွေလည်းရှိတယ်။ ကျေးရွာတွေက ရခိုင်တိုင်းရင်းသားတွေရော၊ မျိုတိုင်းရင်းသား တွေရော ထွက်ပြေးလာကြတာ။ အားလုံးက စိုးရိမ်နေကြတာပေါ့။ ရွာတွေကို လေယာဉ် နဲ့ ဗုံးကြဲမလား။ လက်နက်ကြီးနဲ့ ပစ်မလား စိုးရိမ်ကြတာပေါ့”
ထွက်ပြေးလာသူတွေကို လက်ရှိ အောင်ဗလရွာဘုန်းကြီးကျောင်း၊ သာသနာ့ဗိမ္မာန်နဲ့ သုံးမိုင်စေတီကျောင်း စတဲ့ ယာယီစစ်ဘေးဒုက္ခသည် စခန်းတွေမှာထားပြီး ကျန်းမာရေး အပါအဝင် နေထိုင်စားသောက်ရေးကို မြို့ပေါ်ဒေသခံတွေက ကူညီနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆန်အပါအဝင် စားသောက်ကုန်တွေကို ဈေးကြီးကြီးနဲ့ ပေးဝယ်နေကြရတာကြောင့် အခက်အခဲ ရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီအထဲက ကျောင်းနေအရွယ် ကလေးငယ်တွေကိုလည်း မြို့နယ်ပညာရေးဌာနနဲ့ ညှိနှိုင်း ပြီး နီးစပ်တဲ့ ကျောင်းတွေမှာ ပညာဆက်လက်သင်ကြားပေးမှာ ဖြစ်တယ်လို့လည်း ကူညီ နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဩဂုတ်လတစ်လအတွင်းမှာတင် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာ ၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။