မန္တလေး သပိတ်အင်အားစုအဖွဲ့ဝင်လေးဦး ထောင်ဒဏ်ချမှတ်ခံရ

အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မန္တလေး သပိတ်အင်အားစုအဖွဲ့ဝင် လေးဦးဟာ ဩဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၁ ရက် မနေ့က ထောင်ဒဏ်အသီးသီး ချမှတ်ခံလိုက်ရတယ်လို့ မန္တလေးမြို့ သပိတ်အင်အားစုက ပြောပါတယ်။

သပိတ်အင်အားစုဝင် ကိုကျော်သီဟစိုးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (ခ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) တို့နဲ့ ဩဂုတ်လ ၃၁ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင် တို့ကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အရ စက်တင်ဘာလ ၁ ရက် မနေ့က ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရတာလို့ ပြောပါတယ်။

အိုးဘိုထောင်တွင်းတရားရုံးက ချမှတ်တဲ့ ဒီအမိန့်တွေဟာ မတရားချမှတ်တဲ့ အမိန့်တွေဖြစ် လို့ ကန့်ကွက်ကြောင်း မန္တလေးမြို့ သပိတ်အင်အားစုက အဖွဲ့ဝင်တစ်ဦး က RFA ကို ပြောပါတယ်။

“သပိတ်အဖွဲ့တွေကတော့ ကျောင်းသားတွေလည်းပါတယ်။ အရပ်သားတွေလည်းပါတယ်။ လူတန်းစားအလွှာအစုံစုံပါပဲ၊ မတရားတဲ့အမိန့်တွေချနေတာကို ကန့်ကွက်ပါတယ်"

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုကျော်သီဟစိုးဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက မန္တလေး တက္ကသိုလ်အနီးမှာ စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းဆီးတာခံခဲ့ရတာဖြစ်သလို ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင်တို့ကတော့ သူတို့ပုန်းခိုနေတဲ့ နေအိမ်မှာ ပြီးခဲ့တဲ့ ဧပြီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တစ်နှစ်ကျော်အတွင်း မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင် ၁၀၀ ကျော် ဖမ်းဆီးခံထားရပြီး အဲဒီအထဲက လူ ၂၀ ကျော်က အမိန့်ချခံထားရပြီး ဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။