မန္တလေး မြို့တွင်းတိုက်ပွဲ PDF ဘက်က သုံးဦးကျဆုံးကြောင်း အတည်ပြု

ခင်ခင်အိ (ဝါရှင်တန် ဒီစီ)
2021.06.21

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း ၁၁၁ လမ်းထောင့်မှာရှိတဲ့ မန္တလေးပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ ရုံးခန်းတစ်ခုကို စစ်ကောင်စီတပ်က ဒီနေ့မနက်က အင်အား အလုံးအရင်းနဲ့ စီးနင်းဖို့ကြိုးစားရာကနေ မန္တလေးမှာ ပထမဆုံး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ပေမယ့် အင်အားမမျှလို့ အဲဒီနေရာကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ချေမှုန်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးကွက်က ပြောပါတယ်။

"ဒီတစ်နေရာပဲ ရှိတာမဟုတ်ပါဘူး။ နေရာလေးတစ်ခုပါ။ အဲဒီမှာ လူတချို့နဲ့ ပစ္စည်းအချို့ အနည်းပါး ရှိတာ။ အဓိက ဒလန်ကြောင့် ဖြစ်လိမ့်မယ်။ ဒလန်ကြောင့် အပီအပြင်ဝိုင်းတာ။ ပြည်သူတွေက ကြားက ခံနေတာ။ စနိုက်ပါ လေးလက်နဲ့ ပိတ်ခံရတော့ ပြန်ဆုတ်နေရတဲ့အနေအထားပေါ့၊ အင်အားကလည်း မမျှဘူး။ အထဲမှာရှိတဲ့ လူအချို့တော့ ပါသွားတယ်။ သူတို့ဘက်က နှစ်ယောက်သေတာတော့ သေချာတယ်"

အပြန်အလှန်ပစ်ခတ်ခဲ့ပေမယ့် စစ်တပ်ဘက်က RPG နဲ့ပစ်ခတ်ခဲ့တဲ့အချိန်မှာတော့ နောက်ဆုတ်ခဲ့ရတာဖြစ်ပြီး လက်နက် နှစ်ခု၊ လက်လုပ်ဗုံးတွေနဲ့ အော်တိုသေနတ်တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အဲဒီနေရာကို ဒီနေ့မနက် ၇ နာရီခွဲလောက်က သတင်းအရ သွားရောက်စစ်ဆေး ရှာဖွေရာမှာ လက်ပစ်ဗုံးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရရာကနေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဒီနေ့ နေ့လယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုဖြစ်စဉ်ကြောင့် ကနဦး သေဆုံးသူ လေးဦး၊ ဖမ်းဆီးရမိသူ ရှစ်ဦးနဲ့အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးနဲ့ လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ၅၃ လမ်းပေါ်မှာ ပါဂျဲရိုး အဖြူရောင် ကားတစ်စီးနဲ့ လက်နက်ငယ်တွေ ပစ်ခတ်တိုက်ခိုက် ပြီး ထွက်ပြေးတာကြောင့် လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ အဲဒီကားဟာ ၁၁၀ လမ်းနဲ့ ၅၆ လမ်းထောင့်မှာရှိတဲ့ ထရန်စဖော်မာကို အရှိန်နဲ့ဝင်တိုက်လို့ အဲဒီကားပေါ်မှာပါတဲ့ နောက်ထပ် လေးဦးကို အသေဖမ်းဆီးရမိခဲ့တယ် လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ဒဏ်ရာ ရရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပေမယ့် အရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။

မန္တလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချေမှုန်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ဇီးကွက် ကတော့ စီးနင်းတိုက်ခိုက် ခံရတဲ့ သူတို့ရုံးထဲမှာ လူ ရှစ်ဦးရှိနေခဲ့ပြီး အဲဒီအထဲက ဘယ်သူတွေ အဖမ်းခံရပြီး ဘယ်သူတွေ သေဆုံးခဲ့သလဲ ဆိုတာကို အသေးစိတ် အတည်မပြုနိုင်သေးပေမယ့် ဒီနေ့ ညနေ ၃ နာရီဝန်းကျင်အချိန်လောက်အထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိနေတာကို အတည်ပြု ထားတယ်လို့ RFA ကိုပြောပါတယ်။

ဒီနေ့မနက်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး တစ်ဦးနဲ့ စစ်ဗိုလ် တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

rpg-attack-mdy.jpg
(မန္တလေးမှာ ဇွန်လ ၂၂ ရက်နေ့က စစ်ကောင်စီတပ် RPG နဲ့ ပစ်ခတ်နေစဥ်)

ဒီတိုက်ပွဲကြောင့် မန္တလေးမြို့တွင်းနေရာ အများအပြားမှာ စစ်ကောင်စီက လုံခြုံရေးကို တင်းကျပ်ထားပါတယ်။

ဆေးရုံတွေနဲ့ လမ်းတွေမှာ အသွားအလာတွေကို တင်းကျပ်စစ်ဆေးခဲ့တဲ့ တစ်ချိန်တည်းမှာပဲ ပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်း၊ အမရပူရမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတို့ကို ဗုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ထိခိုက်မှုရှိ၊ မရှိကို အသေးစိတ်မသိရသေးပါဘူး။

ဒီနေ့မနက်ပိုင်းမှာ မန္တလေးမြို့မှာ ပုံမှန်အတိုင်း ရှိနေခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နေ့လယ်ပိုင်း မှာတော့ အသွားအလာတွေ တိတ်ဆိတ်နေတယ်လို့ မန္တလေးမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"မနက်က မြို့ထဲက ပုံမှန်အတိုင်းဖြစ်နေပေမယ့် နေ့ခင်းမှာတော့ တိတ်ဆိတ် ခြောက်ကပ်သွားတယ်။ အဓိကကျတဲ့နေရာမှာ စစ်ကောင်စီ စစ်ဆေးနေတယ်လို့တော့ ကြားရတယ်။ ပြင်ဆင်ထားတဲ့ အနေအထားမဟုတ်ဘဲ အလစ်တိုက်ခိုက်ရတဲ့ပုံစံပါ။ ပြည်သူဘက်က ပြင်ဆင်ပြီးမှ လုပ်တာကို ဖြစ်စေချင်တယ်။"

မန္တလေးမြို့ မနော်ဟရီဘက်က စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ လူသုံးကုန်ပစ္စည်းဆိုင်တွေ ကိုလည်း ပိတ်ထားကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား ဇွန်လ ၂၁ ရက် မနေ့ညနဲ့ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မနက်ပိုင်းတွေမှာ အပြန်အလှန်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဘက်စလုံးက အကျအဆုံးရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

"အင်အားကလည်း မမျှဘူး။ အထဲမှာရှိတဲ့ လူအချို့တော့ ပါသွားတယ်။"

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကူတို့ကုန်ရွာနဲ့ လှေတင်ဦးရွာကြားမှာ ဇွန်လ ၂၁ ရက် မနေ့ည ၉ နာရီခွဲလောက် မှာ စစ်ကောင်စီယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတစ်ယောက် သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က RFA ကိုပြောပါတယ်။

ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“ကား သုံစီးနဲ့ လာတဲ့အချိန် လျှော့မိုင်းခွဲခဲ့တာ။ ရဲ တစ်ယောက်သေတယ်။ ခြောက်ယောက် ဒဏ်ရာ ရတယ်။ နှစ်ဦး ပြင်းထန်ဒဏ်ရာရတယ်။ အဲဒီကနေ မြောင်ရဲစခန်းကို တိုက်ရိုက်မောင်းသွားပြီး စခန်းထဲ ရောက်တဲ့အချိန်မှ သေနတ်တွေ ရမ်းပစ်တယ်။ PDF ကတော့ အထိအခိုက်မရှိခဲ့ဘူး”

ရဲဘက်က သေဆုံးသူဟာ ကိုဝင်းမိုးကျော် ဆိုသူဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မြောင်မြို့နယ်အနီးမှာ ရေစကြိုမြို့နယ် သာခေါင်ရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူ သုံးယောက်ဟာ ပြီးခဲ့ ဇွန်လ ၁၉ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်ကျေးရွာမှာလည်း ဇွန်လ ၂၁ ရက် မနေ့ည ၉ နာရီကျော်လောက်မှာ စာသင်ကျောင်း မီးလောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်နွယ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးမှုကို ခံလိုက်ရတဲ့ အသက် ၃၀ အရွယ် ကိုဇေယျာလင်းဟာ ဇွန်လ ၂၂ ရက် ဒီနေ့မနက်မှာ သေဆုံးသွားခဲ့တယ်လို့ လယ်ဇင်ရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

စာသင်ကျောင်း မီးလောင်မှုကို ရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီးတဲ့အချိန်မှာပဲ စစ်သားတွေ ရောက်လာပြီးတော့ ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့မနက်မှာတော့ အလောင်းကို မုံရွာ ရင်ခွဲရုံကို ရောက်နေတာ ကို စုံစမ်းသိခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လယ်ဇင်ရွာသားတစ်ယောက်က ပြောပါတယ်။

“ရွာထဲကိုဝင်ကတည်းက ဆိုင်တွေဖျက်တယ်။ ဖမ်းပြီး ရိုက်တာတွေ လုပ်တယ်။ အခု သေတဲ့သူက သူတို့အိမ်က စာသင်ကျောင်းနားမှာဆိုတော့ မိဘတွေဆီကို ပြန်လာတဲ့အချိန် ဖမ်းခံလိုက်ရတာလို့ပဲ ကြားထားတာ။ ဒီနေ့မနက်မှာတော့ မုံရွာ ရင်ခွဲရုံမှာ အလောင်းရှိတယ်ဆိုလို့ ရွာကသွားထုတ်ဖို့ လုပ်နေပါတယ်။ စစ်သားတွေ ဆိုင်ကယ် သုံးစီးလည်း ယူသွားတယ်။ ရွာထဲက လူကြီးတွေလည်း ရှောင်နေကြတယ်။ ကင်းမရွာလို မီးရှို့ခံရမှာ စိုးရိမ်နေကြတယ်”

မနေ့ညက ဖမ်းဆီးခံရသူဟာ ကိုဇေယျာလင်း အပါအဝင် သုံးဦးထက်မနည်းရှိပြီး ကျန်တဲ့သူတွေကိုတော့ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို စုံစမ်းလို့မရသေးဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

မနေ့ညက စစ်သားတွေရောက်လာချိန်မှာ အကြောင်းမဲ့ရိုက်နှက်ခံရလို့ ရွာခံအမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လယ်ဇင်ရွာဟာ မုံရွာမြို့အနီးမှာရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်တဲ့ ရွာဖြစ်ပါတယ်။ ဒီနေ့မနက်မှာလည်း စစ်ကောင်စီက ရွာကိုထပ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာကြောင့် ကျေးရွာသားတွေဟာ ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။

မြောင်မြို့နယ်ကဖြစ်စဉ်နဲ့ မုံရွာမြို့နယ် လယ်ဇင်ရွာက ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ဇွန်လ ၂၁ ရက် မနေ့ကအထိ သေဆုံးသူပေါင်း ၈၇၃ ဦးရှိနေပြီး ဖမ်းဆီးခံရသူတော့ ၅၀၄၅ ဦးရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။