စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးနဲ့ မုံရွာကျောင်းသားတွေ ကန့်ကွက်

ခေမဏီဝင်း
2020.01.20

မန္တလေးနဲ့ မုံရွာ ပညာရေးကောလိပ်က ကျောင်းသား ၁၀၀ လောက်ဟာ ဒီနှစ်ပညာသင်နှစ်ကစလို့ အခြေခံပညာကျောင်းတွေမှာ မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုပြီး သတ်မှတ်လိုက်တာကို ပြန်ရုပ်သိမ်းပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

ပညာသင်ကာလ ပြင်ဆင်သတ်မှတ်ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို စာပေးပို့တာ၊ အဖွဲ့အစည်းတွေကနေ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာ၊ ဖဲကြိုးစိမ်း လှုပ်ရှားမှုတွေ လုပ်တာမှာ ပညာရေးဝန်ကြီးဌာနက တုံ့ပြန်မှုမရှိတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်ကြောင်း မန္တလေး ပညာရေးကောလိပ်က မသီရီရတနာက ပြောပါတယ်။

“မတ်လကုန်ထိ ဆိုတာကိုကန့်ကွက်တာပါ။ ပိုပြီးသိစေ၊ ကြားစေချင်လို့ပါ။ လာပြီးတော့ ဖြေရှင်းစေချင်တယ်။ အဆင်မပြေဘူးဆိုရင်တော့ ကိုယ်စားပြုကော်မတီက ဆုံးဖြတ်ချက်အတိုင်းလိုက်လုပ်ပါမယ်"


ပညာရေးဝန်ကြီးဌာနက စာသင်ကာလကို တိုးမြှင့်သတ်မှတ်လိုက်တာကို မန္တလေးမြို့အပြင် ရန်ကုန်နဲ့ မကွေးမြို့တွေက ကျောင်းသူ၊ ကျောင်းသားတွေကလည်း ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ လေးတန်းနဲ့ ရှစ်တန်းစာမေးပွဲတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ် ၃ ရက်နေ့အထိ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ မတ် ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း စစ်ဆေးမယ်လို့ ပါရှိပါတယ်။

ကျန်တဲ့အတန်းတွေကိုတော့ ကျောင်းတွင်းစာမေးပွဲအနေနဲ့ မတ် ၂၃ ရက်နေ့ကနေ မတ် ၃၀ ရက်နေ့အထိ စစ်သွားမယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေအားလုံးရဲ့ နွေရာသီကျောင်းပိတ်ရက်က သုံးလ ဖြစ်ပါတယ်။

စာသင်ကာလ တိုးမြှင့်လိုက်မယ် ဆိုရင် ကျောင်းပိတ်ရက် နှစ်လပဲ ကျန်တော့မှာပါ။

ဒီလိုသတ်မှတ်ချက်ဟာ ဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခက်အခဲတွေကိုသာ ရင်ဆိုင်ရနိုင်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာအရည်အချင်းကို ထူးထူးခြားခြား တိုးမြင့်လာစေမှာ မဟုတ်ဘူးလို့ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ထားပါတယ်။

"အခက်အခဲတွေရှိလာတယ်။ ကလေးတွေလည်း ပုံမှန်စာသင်ချိန်ကာလမှာ ငြီးငွေ့နေတဲ့အချိန် စာမေးပွဲကာလကို နောက်ဆုတ်လိုက်မယ်ဆိုရင် ပင်ပန်းမှုတွေ ဆင်းရဲမှုတွေဖြစ်လာမယ်။ ပြုပြင်ပြောင်းလဲမှုမှာ အခြေခံပညာပေါ်မှာ အာဏာဆန်နေတယ် “

ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ မုံရွာပညာရေးကောလိပ်က ကိုညီညီမင်းထက်ဝေက

“စနစ်တစ်ခုကိုပြောင်းမယ်ဆိုရင် အောက်ခြေကအသံကို နားထောင်ပေးပါ။ ရည်ရွယ်ချက်က တိကျမှုမရှိဘူး၊ ကောင်းကျိုးဆိုးကျိုး ချပြပေးပါ၊ တစ်လလောက်တိုးဖွင့်တာနဲ့ ပညာရေးစနစ်က ဦးမော့လာမှာလား"

ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲမှာဆိုရင် အခြေခံပညာ စာသင်ကာလမြှင့်တင်ခြင်းကို ပြန်လည်ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုဖြစ်ပေါ်လာရေး၊ သုတေသနကို အခြေမခံတဲ့ ပညာရေးစနစ်အလိုမရှိ၊ အာဏာရှင်ဆန်တဲ့ ပညာရေးပြောင်းလဲမှုအလိုမရှိဆိုတဲ့  အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

“သင်ရိုးတွေက ဒီဇင်ဘာဆို အကုန်ပြတ်နေပြီ၊ မတ်လထိဖွင့်မယ်ဆိုရင် ဘာနဲ့သင်မှာလဲ၊”

ဆန္ဒပြပွဲကို ၆၆ လမ်း ၃၅လမ်းကနေ မနော်ရမ္မံကွင်းအထိ လမ်းလျှောက်ဆန္ဒပြကြတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးလိုကြောင်း ပြောပါတယ်။

စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်နေကြတဲ့အပေါ် အပြုသဘောဆောင်တဲ့ ထောက်ပြချက်တွေဖြစ်တဲ့အတွက် ပညာ‌ရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက  ဆွေးနွေးလာဖွယ်ရှိတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်သင်ဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးမိုးအောင်က RFA ကို ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။