ရဲတပ်ဖွဲ့လုပ်ငန်းတွေ မှာ ပြည်သူတွေပါဝင်ဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

ရဲတပ်ဖွဲ့လုပ်ငန်းစဉ်တွေမှာ အခြားဌာနတွေက ဝန်ထမ်းတွေအပြင် ပြည်သူတွေကပါ ပူးပေါင်းပါဝင်ပေးကြဖို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီကနေ့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာကျင်းပတဲ့ ရက် ၁၀၀ အတွင်း မှုခင်းကျဆင်းရေး စီမံချက် ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောခဲ့တာဖြစ်ပါတယ်။

"ပြည်သူတွေရဲ့ ရင်ထဲမှာ ငါတို့တွေရဲ့လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလူတွေ ကြိုးပမ်းအားထုတ်နေ တယ်ဆိုတဲ့ အမြင်မျိုးကို ပြည်သူတွေရင်ထဲ ရောက်ရှိသွားစေချင်တယ်၊ ဒီမိုကရေစီသွားနေတဲ့အချိန်မှာ ကျနော်တို့လည်း အမြဲပြောပြောနေပါတယ်၊ ပူးပေါင်းဆောင်ရွက်ကြပါ၊ ဒါပေမဲ့ တချို့ကမပူးပေါင်းသေး ဘူး၊ နယ်တွေမှာရောက်တော့ မူးယစ်ဖမ်းရင် မူးယစ်ရဲတွေရဲ့တာဝန်၊ လောင်းကစားတွေဖမ်းတယ်၊ ရဲတွေရဲ့တာဝန်ဆိုပြီး ခုထိပြောနေတုန်းပဲ၊ ငါတို့ဘယ်လို ပူးပေါင်းပါဝင်မလဲဆိုတာကို ပြည်သူတွေမေး ခွန်းထုတ်တတ်ဖို့ လိုပါတယ်"

ရဲလုပ်ငန်းစဉ်တွေမှာ ပါဝင်ပူးပေါင်းပေးကြတဲ့ ပြည်သူတွေနဲ့ ရာဇဝတ်မှုကြီးတွေကို သတင်းပေးတဲ့ ပြည်သူတွေ ကိုလည်း ရဲတပ်ဖွဲ့က အကာအကွယ်ပေးဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင်အင်အားဟာ ပြည်သူအင်အားနဲ့ မျှတမှုမရှိဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ပြည်သူ ၁၂၀၀ ဝန်းကျင်လောက်ကို လုံခြုံရေးယူပေးရတဲ့ အနေအထားဖြစ်နေကြောင်း၊ ရဲဝန်ထမ်းတစ်ဦးဟာ ပြည်သူဦးရေ ၄၀၀ လောက်ကိုသာ တာဝန်ယူသင့်ကြောင်း ခရိုင်အလိုက် ရဲတပ်ဖွဲ့မှူးတွေက တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစဉ်တွေနဲ့ ပြည်သူတွေလိုလားတဲ့ ရဲတပ်ဖွဲ့ဖြစ် လာအောင် ဆောင်ရွက်နေကြောင်းလည်း ဆွေးနွေးကြပါတယ်။

ရက် ၁၀၀ အတွင်း မှုခင်းကျဆင်းရေး စီမံချက် ဆွေးနွေးပွဲကို မန္တလေးတိုင်းအတွင်းက မြို့နယ်နဲ့ ခရိုင်အလိုက် ရဲတပ်ဖွဲ့မှူးတွေ၊ တိုင်းရဲတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။