အရှေ့တီမောမီဒီယာညီလာခံမှာ စစ်ကောင်စီကိုယ်စားလှယ်ရဲ့တင်ပြချက်တွေပြစ်တင်ရှုတ်ချခံရ
အရှေ့တီမောနိုင်ငံ ဒီလီမြို့တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနဲ့ တီမောနိုင်ငံက သတင်းမီဒီယာ စိမ်ခေါ်မှုများဆိုတဲ့ ဒီလီဆွေးနွေးပွဲဖိုရမ် ၂၀၂၂ မှာ၊ မြန်မာပြည်က စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီ ကိုယ်စားလှယ်ရဲ့ ဆွေးနွေးတင်ပြ ချက်တွေဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ တီမောမီဒီယာကောင်စီက ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။
ဒီလီဆွေးနွေးပွဲဖိုရမ်ကို CITL ဆိုတဲ့ တီမောမီဒီယာကောင်စီက ကမကထပြုပြီး နှစ်စဉ် ကျင်းပနေရာကနေ ၂၀၁၉ ကစလို့ ရပ်နားခဲ့ရပြီး ဒီနှစ် သြဂုတ်လ ၂၅ နဲ့ ၂၆ မှာ ပြန်ပြီး ကျင်းပခဲ့တာပါ။ အဲဒီညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့ ဦးအေးချမ်းက၊ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အစောပိုင်းက သတင်းမီဒီယာကောင်စီဝင်တွေ နုတ်ထွက်သွား တာနဲ့ ပတ်သက်လို့၊ သူတို့ဟာ သတင်းလွတ်လပ်ခွင့်၊ မီဒီယာကျင့်ဝတ်နဲ့ သတင်းသမားတွေ အကာအကွယ်ပေးရမယ့် တာဝန်တွေကို မထမ်းဆောင်နိုင်ကြလို့ဖြစ်တဲ့အကြောင်း ဆွေး နွေးပြီး အဖြစ်မှန်ကိုပြောဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလီဆွေးနွေးပွဲဖိုရမ်မှာ ဘယ်ကိုယ်စားလှယ်မဆို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရှိတဲ့ အကြောင်းနဲ့ မြန်မာကိုယ်စားလှယ်ဦးအေးချမ်းရဲ့ ဆွေးနွေးချက်ကတော့ အဖြစ်မှန်နဲ့ ကွဲလွဲနေပြီး၊ မြန်မာပြည်က သတင်းလွတ်လပ်ခွင့် အခြေအနေထက် စစ်ကောင်စီကိုသာ အလေးပေးပြောဆိုခဲ့လို့ ပြစ်တင်ရှုတ်ချတဲ့အကြောင်း တီမောမီဒီယာကောင်စီရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဦးအေးချမ်းရဲ့ မြန်မာပြည်အခြေအနေ တင်ပြချက်ကို နားထောင်ပြီးတဲ့နောက်မှာ ညီလာ ခံတက်လာတဲ့ ကိုယ်စားလှယ်တွေက မြန်မာနဲ့ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေမှာ သတင်းတု သတင်းမှားတွေ ဖော်ပြခံရတာတွေကို အံ့အားသင့်ခဲ့ကြတယ်ဆိုတဲ့ စစ်ကောင် စီရဲ့ ကြေးမုံသတင်းစာမှာ သြဂုတ်လ ၂၉ ရက်က ရေးသားဖော်ပြချက်ကိုလည်း တီမော မီဒီယာကောင်စီက လက်မခံပယ်ချလိုက်ပါတယ်။
အဲဒီညီလာခံမှာ အပြည်ပြည်ဆိုင်ရာသတင်းထောက်များအဖွဲ့ချုပ် International Federation of Journalists – IFJ ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာနကလည်း တက် ရောက်ခဲ့ပါတယ်။ ဒါကြောင့် IFJ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် Jim Nolan ကလည်း၊ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ် ဦးအေးချမ်းရဲ့ တင်ပြဆွေးနွေးချက်တွေဟာ လိမ်စဉ် တွေဖြစ်ပြီး စစ်အာဏာရှင်ကိုပဲ အလေးပေးပြောဆိုသလို၊ သတင်းထောက်တွေနဲ့ သတင်း မီဒီယာတွေ ဖိနှိပ်ခံနေရတာကို ငြင်းဆိုသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တီမောမီဒီယာကောင်စီက ပြစ်တင်ရှုတ်ချတာရော၊ နောက်လာမယ့်ညီလာခံ တွေမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို မဖိတ်ဖို့ ဆုံးဖြတ်တာကိုပါ ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။