မိတ္ထီလာထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး အချိန်မီ ဆေးကုသခွင့်မရလို့ သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာ အကျဉ်းထောင်ထဲမှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ခုနစ် နှစ် ကျခံနေရတဲ့ ကိုဇော်လပြည့် ခေါ် ဇွန်လပြည့်ဟာ ထောင်ထဲမှာ ကျန်းမာရေး အလွန် ဆိုးရွားခဲ့ပေမယ့် အချိန်မီ ဆေးကုသခွင့် မရတာကြောင့် ပြီးခဲ့တဲ့လ ၁၈ ရက်နေ့မှာ သေဆုံး သွားခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုဇော်လပြည့်ဟာ သာစည် မီးရထားဌာနမှာ လုပ်သား/တွဲပြင် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဝန်ထမ်းတစ်ဦး ဖြစ်ပြီး CDM ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ရောက် သွားပြီးနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။

အဲဒီနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၂ (က) နဲ့ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ပါတယ်။

ကျန်းမာရေးမကောင်းပေမယ့် အချိန်မီဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရတာဖြစ်ပြီး နိုင်ငံရေး အသိုင်းအဝိုင်းကပဲ သူ့ဈာပနကို ဝိုင်းဝန်းကူညီခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“၁၈ ရက်နေ့မှာ ကွယ်လွန်တယ်။ ၂၀ ရက်နေ့လောက်ကျမှ ထောင်ထဲက ရဲဘော်က စာရေးပို့လိုက်လို့ သိရတယ်။ ကျနော်တို့က မိသားစုဆီကို ကြိုးစားဆက်သွယ်ရတယ်။ မီးရထား စက်ပြင်ဌာနက CDM ဆိုတော့ သူတို့မှာ ဖုန်းတောင် ပြောဖို့မရှိဘူး။ မိသားစုက အင်မတန် ချို့တဲ့တယ်။ အဲဒီတော့ နိုင်ငံရေးအသိုင်းအဝိုင်းကပဲ သူ့ဈာပန ရက်လည်ကို ဝိုင်းကူညီရတယ်”

RFA က ဖတ်ရှုခွင့်ရတဲ့ ကိုဇော်လပြည့် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အကျဉ်းထောင်ထဲက နေ အပြင်ကို ရောက်လာတဲ့ စာမှာတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင် မောပန်းပြီး အသက်ရှူမဝ ဖြစ်လာလို့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ထောင်ဆေးခန်း ကနေ ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ မသက်သာဘဲ ပိုမိုမောပန်းလာပြီး အစားပါမဝင်တော့တဲ့အတွက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဆေးတစ်လုံး ထပ်ထိုးပေးခဲ့သလို ထောင်ဆရာဝန်က “စိတ်ကြောင့်ဖြစ်နေ တာ၊ ဘာမှမဖြစ်ဘူး”လို့ ပြောဆိုခဲ့ကြောင်းပါ ရေးသားထားပါတယ်။

အဲဒီကနေ မသက်သာလို့ ဆေးခန်းထပ်ပြချိန် တာဝန်ကျအကျဉ်းသားသုံးဦးက “ဟန်ဆောင် မနေနဲ့ အဆောင် ပြောင်းခံချင်တာလား”လို့ အောက်ငေါက် ပြန်လွှတ် လိုက်တာကြောင့် ပြန်လာခဲ့ပြီး အိမ်သာတက်ရာက အိမ်သာအဆင်း ခွေလဲကျသွားခဲ့တာလို့လည်း အဲဒီစာထဲ မှာ ထည့်သွင်းရေးသားထားပါတယ်။

အဲဒီလို လဲကျသွားမှသာ ထောင်ဆေးခန်းက သွေးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်းတိုင်းပြီး အပြင် ဆေးရုံသို့တင်ဖို့ စီစဉ်ခဲ့ ပေမယ့် အပြင်ဆေးရုံရောက်ပြီး နာရီဝက်ကျော်မှာပဲ သေဆုံးသွားခဲ့ ပါတယ်။

မိတ္ထီလာထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းတွေပါ ခိုင်းနေသလို မိလ္လာဘုတ်၊ ထင်းဘုတ်၊ ငရုတ်သီးချွေတာနဲ့ ဝန်ထမ်းတွေကို ငွေမပေးနိုင်ရင် ပင်ပန်း ကြမ်းတမ်းတဲ့ အခြားအလုပ်တွေပါ လုပ်နေရတယ်လို့ အကျဉ်းကျနေသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ နှစ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၂,၅၆၃ ဦးရှိပြီး အဲဒီအထဲက ၁၄၉၉ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရ ပါတယ်။