ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေတိမ်းရှောင်နေတဲ့ ရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရသွားသလို နေအိမ်ငါးလုံးလည်း ပျက်စီးသွားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ပြောခွင့်ရှိသူက RFA ကို ပြောပါတယ်။
မေလ ၂၈ ရက် ဒီနေ့မနက် အစောပိုင်း လေးနာရီလောက်မှာ လေကြောင်းနဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲသွားတာလို့ ဆိုပါတယ်။
"ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်၊ ကျန်တာကတော့ သေးသေးမွှားမွှားတွေပေါ့" လို့ အဲဒီ PDF ပြောခွင့်ရှိသူက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ရွာဟာ စစ်ဘေးဒုက္ခသည်မိသားစု အယောက် ၈ဝ လောက် တိမ်းရှောင်နေတဲ့ စခန်းနေရာလို့ ပြောပါတယ်။ အဲဒီဒေသမှာ ဒေသခံလက်နက်ကိုင်ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မေလ ၂၇ ရက် မနေ့ကလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ရှစ်ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီသုံးနှစ်အရွယ်ကလေးဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဘယ်ဘက်ရင်ဘတ်ပွင့် ပြင်းထန်တဲ့ဒဏ်ရာနဲ့ သေဆုံးသွားရတယ်လို့ မိုးဗြဲမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ Mobye Rescue Team က ထုတ်ပြန်ထားပါတယ်။
"စစ်ကောင်စီက လေယာဉ်သုံး အမြောက်တပ်တွေနဲ့ ပြန်ချနေတာ၊ မြေပြင်မှာတိုက်လို့ မနိုင်လို့ လေယာဉ်သုံးလာတာ၊ အဲဒီလိုလေကြောင်းကနေ တိုက်ခိုက်လို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရာတာကိုတော့ ကျွန်တော်တို့ အပြစ်တင်ရှုတ်ချပါတယ်" လို့လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြောခွင့်ရှိသူက ပြောပါတယ်။
မိုးဗြဲမှာ တပ်စွဲထားတဲ့ တပ်မ ၄၄၂ တပ်ကနေ အဓိက ပစ်ခတ်တိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ မိုးဗြဲဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေကတော့ မိုးဗြဲဒေသကို ခရီးမသွားကြဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။