ဖမ်းဆီးခံ ကလေးနဲ့လူငယ် ၁၀၀၀ လောက်နဲ့ မိသားစု အဆက်အသွယ်မရ

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021-05-07
Share

အာဏာသိမ်းစစ်ကောင်စီက သူတို့ကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို တားဆီးနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေပြီး အဲဒီအထဲ လူငယ်တွေဟာ ပစ်မှတ်တစ်ခု ဖြစ်လာနေတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို ဖမ်းဆီးတာ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာ၊ သူတို့ကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲဆိုတာတွေကို အဓိကထားလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်လိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အခုအချိန်ကအထိ အသက် ၁၈ နှစ်အောက် ကလေး ၅၃ ဦး အသတ်ခံခဲ့ရပြီး အဲဒီအထဲမှာ မိန်းကလေးက ၇ ဦးပါဝင်တယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)က RFA ကိုမနေ့ကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်ကနေ မေလ ၅ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကလေးနဲ့ လူငယ် ၁၀၀၀ ဝန်းကျင်ဟာ ရှေ့နေတွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘဲ ဖြစ်နေခဲ့တယ်လို့ UNICEF က ပြောဆိုကြောင်း AP သတင်းဌာနက မေ ၅ ရက်က ဖော်ပြပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့အထဲက အများစု ပြန်လွတ်မြောက်လာပြီလို့ UNICEF ရဲ့  မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Guy Taylor က မေလ ၈ ရက်နေ့က RFA ကို အွန်လိုင်းကတဆင့် စာရေးပြောကြားလာပါတယ်။

အချက်အလက် တိတိကျကျရဖို့ခက်ခဲပေမယ့် သူတို့ဟာ ယောက်ျားလေးတွေဖြစ်တယ်လို့ UNICEF က ပြောပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Generation Z လူငယ်တစ်ဦးကတော့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်စေဖို့အတွက် စစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထားလာတာလို့ ယူဆကြောင်းပြောပါတယ်။

“တော်လှန်ရေးက ပုံစံနှစ်မျိုးနဲ့ ရှိလာတယ်လို့ ကျွန်တော်မြင်တယ်။ တစ်ခုကတော့ လူထုလှုပ်ရှားမှုတွေ ပေါ့ဗျာ။ မြေပေါ်လှုပ်ရှားမှုတွေပေါ့။ ကမ်ပိန်းတွေ လုပ်ကြမယ်၊ လူထုသပိတ်စစ်ကြောင်းတွေ ထွက်ကြမယ်။ နောက်တစ်မျိုးက ကျတော့ စစ်ပညာတွေသင်ယူပြီး လက်နက်ကို လက်နက်နဲ့ပဲ တိုက်မယ်လို့ တွေးနေကြတဲ့ သူတွေပေါ့နော်။ အဓိက အဲဒီနှစ်မျိုးလုံးက အင်အားစုအများဆုံးဖြစ်တာနဲ့ အဓိက မောင်းနှင်နေတာက လူငယ်တွေပဲဗျ။ လူငယ်တွေက တချို့ကိစ္စတွေမှာ ဦးဆောင်ကြတယ်။ လူငယ်တွေက စစ်ပညာသင်တန်း ကိစ္စတွေကို လုပ်နေကြတယ်။ ဆိုတော့ သူတို့တွေက ဒီလူငယ်တွေကို တားဆီးနိုင်မယ်၊ လူငယ်တွေကို ကြောက်စိတ်ဝင်သွားအောင် လုပ်နိုင်မယ်ဆိုရင် သူတို့အနေနဲ့ တော်တော်လေးကို တားဆီးနိုင်ပြီလို့ သူတို့အနေနဲ့ ယူဆပုံရတယ်။ အဲဒါကြောင့်မို့ လူငယ်တွေကို ပိုပြီး ပစ်မှတ်ထားလာတာလို့ မြင်တယ်”

စစ်ကောင်စီက အချို့လူငယ်တွေကို ဖမ်းဆီးပြီးနောက် အလောင်းကိုပဲ ပေးတာရှိသလို အချို့ကလည်း လနဲ့ချီပြီး ဘာအဆက်အသွယ်မှမရတော့ဘဲ ပျောက်ဆုံးနေကြတာပါ။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးရွာမှာ ဧပြီ ၂ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ ကျေးရွာသား သုံးယောက်ရဲ့သတင်းကို ဒီနေ့အထိ စုံစမ်းလို့ မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

“ဘာမှကိုစုံ စမ်းလို့မရဘူးဖြစ်နေတယ်ဗျ။ ကျွန်တော့ရဲ့အစ်ကိုဝမ်းကွဲတစ်ယောက်ကတော့ ဒီနေ့ထိကို ဆက်သွယ်လို့ မရဘူး။ ကျွန်တော်တို့ မုံရွာဘက်ကို လှမ်းမေးထားပေမယ့် အဆက်အသွယ်မရဘူး။ ကျွန်တော်တို့အနေနဲ့ ဒါကိုသတင်းလည်းမရ၊ ဖမ်းဆီးသွားတာကိုလည်း ဘယ်နှစ်ယောက်ဆိုတာမျိုး ထုတ်ပြန်တာမရှိတဲ့အခါကျတော့ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာပေါ့”

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က ရွာမှာ ကင်းစောင့်နေတုန်း စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်ပြီး ရွာသား ငါးယောက်ကို ဖမ်းဆီးသွားပြီးနောက် ဧပြီ ၆ ရက်မှာ အလောင်း နှစ်လောင်းကို မုံရွာဆေးရုံကနေ ပြန်ရခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ကျန်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ရွာသား သုံးယောက်ရဲ့ သတင်း အချက်လက်ကိုတော့ ဒီနေ့အထိ ဘာသတင်းမှမကြားရတော့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုကောင်းထက်နိုင် ဟာဆိုရင်လည်း ဧပြီလ ၂၄ ရက်နေ့က ၆၅ လမ်းနဲ့ ၁၀၇ လမ်းထောင့်မှာ တာယာပုံ မီးရှို့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပါတယ်။ ဒဏ်ရာတွေနဲ့ လဲကျသွားတဲ့ ကိုကောင်းထက်နိုင် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်ကိုဆွဲတင်သွားတာကို အနီးအနားမှာရှိတဲ့ ဒေသခံတွေက မြင်တွေ့ခဲ့ကြပေမယ့် သူဟာ သေဆုံးသွားတာလား၊ အသက်ရှင်နေ သေးသလားဆိုတဲ့ စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကို မိသားစုက ဒီနေ့အထိ မရကြပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုကောင်းထက်နိုင်ရဲ့မိသားစုဝင်တစ်ဦးက စစ်ကောင်စီရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အခုအချိန်မှာ ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ခက်ခဲတယ်လို့ ပြောပါတယ်။

“ဘာတွေနဲ့မှကို နှိုင်းယှဉ်လို့မရ၊ ပြောမပြတတ်အောင် ခံစားရတာပေါ့။ လက်ရှိက သူတို့က လုပ်ချင်ရာ လုပ်နေတာကိုး။ ကျွန်တော်တို့က ဒီဟာအတွက် တရားစွဲဆိုပိုင်ခွင့်လည်း မရှိဘူး။ လက်ရှိက မတတ်သာတဲ့ အခြေအနေမှာဖြစ်လို့ လက်လျှော့ထားရတာလေ။ ဒီဟာနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဘာတွေကို တော့ သိမ်းထားတယ်။ ကိုယ်အခွင့်အရေးရလာတဲ့အချိန်မှာ ဒီဟာနဲ့ပတ်သက်တာတွေ၊ တရားစွဲဆိုခွင့် ရှိလာရင်တော့ ကျွန်တော်တို့က ဒီဟာကို အတိအကျပြန်လုပ်ရမှာပဲ။ ကျွန်တော်တို့ရဲ့အခွင့်အရေးကို ပြန်တောင်းယူရမှာပဲ”

ပစ်ခတ်ခံရပြီး ကားနဲ့တင်ယူသွားတဲ့ ကိုကောင်းထက်နိုင်နဲ့ ပတ်သက်လို့ မိသားစုက စစ်တပ်က စခန်းချထား တဲ့ နေရာအချို့နဲ့ ရဲစခန်း၊ ဆေးရုံ စတာတွေကို စုံစမ်းခဲ့ပေမယ့် သူတို့ဆီမှာမရှိဘူးလို့ ငြင်းပါတယ်။

ဒါကြောင့် ကြာနီကန်သုဿန်ကို သွားရောက်စုံစမ်းရာမှာတော့ အမည်မသိတဲ့လူငယ် အချို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်မီးသင်္ဂြိုဟ်ခဲ့ကြတာကို သိခဲ့ရတယ်လို့ ကိုကောင်းထက်နိုင်ရဲ့ မိသားစုက ပြောပါတယ်။

အခင်းဖြစ်နေရာနဲ့ သုဿာန်မှာ ကိုကောင်းထက်နိုင် နဲ့ပတ်သက်တဲ့ အထောက်အထားအချို့ကို တွေ့ရတာကြောင့် မီးသင်္ဂြိုဟ်ခံရတဲ့ လူငယ်အချို့ထဲမှာ ကိုကောင်းထက်နိုင်လည်း ပါဝင်ခဲ့တယ်လို့ မိသားစုက ယူဆပါတယ်။

Fortify Right လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကတော့ စစ်ကောင်စီအနေနဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေပေမယ့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“စစ်ကောင်စီကြောက်တဲ့လူငယ်တွေဆိုတာက ဆုံးဖြတ်ရဲတယ်။ တိုက်ပွဲဝင်ရဲတယ်။ လုပ်ရဲကိုင်ရဲ ဖြစ်တဲ့အခါကျ ဒီလူငယ်တွေကို ကြောက်ရွံ့သွားအောင်၊ နောက်ဆုတ်သွားအောင် သူတို့ကို ပစ်မှတ်ထား ပြီးတော့ ဖမ်းဆီးတာတွေ ညှဥ်းပန်းနှိပ်စက်တာမျိုးတွေကို သူတို့လုပ်နေတယ်ပေါ့နော်။ ဒီလိုလုပ်လို့ ရပ်သွားမလားဆိုတာကတော့ ကျွန်တော်ကတော့ မထင်ဘူးပေါ့နော်။ ဒီလိုလုပ်လို့ လူငယ်တွေက ပိုပြီးတော့ စည်းလုံးညီညွတ်ပြီးတော့ သူတို့ရဲ့ရန်သူကို ဘယ်လိုချေမှုန်းရမလဲဆိုတဲ့ နည်းလမ်းအသစ်တွေ ကို စဉ်းစားလာကြမယ်လို့ မြင်တယ်ပေါ့နော်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် လူငယ်တွေအများဆုံး ဖမ်းဆီးခံ နေကြရပြီး သူတို့ဟာ မိသားစုနဲ့ တိုက်ရိုက်တွေ့ခွင့်မရကြဘူးလို့ ပြောပါတယ်။

“ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့လူက ၃၇၀၀ လောက် ရှိသွားပြီပေါ့နော်။ ဒီထဲမှာအများစုသည် ကျွန်တော်တို့ လူငယ်တွေ များတယ်။ ထိန်းသိမ်းထားပြီးတော့ ထောင်ကို မရောက်သေးခင် စစ်ကြောရေးမှာ ရောက်နေတဲ့ သူတွေက မိသားစုနဲ့ အဆက်အသွယ်မရဘူးပေါ့နော်။ အကျဉ်းထောင်တွေကို ရောက်သွားတဲ့ သူတွေကတော့ မိသားစုနဲ့ အဆက်အသွယ်လုပ်လို့ရတယ်။ မိသားစုနဲ့ အဆက်အသွယ်လုပ်လို့ရတယ် ဆိုတာကလည်း ထောင်ဝင်စာ တွေ့လို့ရတာ မဟုတ်ဘူး။ လူချင်းတွေ့ခွင့်ရတာ မဟုတ်ဘူး။ နည်းလမ်း မျိုးစုံနဲ့ ချိတ်ဆက်ကြတာပေါ့ဗျာ။ နောက်တချို့ တရားရုံးထုတ်တဲ့သူတွေကျတော့လည်း ရှေ့နေတွေက တစ်ဆင့် မိသားစုနဲ့ ဆက်သွယ်လို့ရတာပေါ့။ ဒါပေမဲ့ မိသားစုနဲ့က တွေ့ခွင့်မရကြဘူး။”

စစ်ကောင်စီက လူငယ်တွေကို မတရားသဖြင့် ဖမ်းဆီးနှိပ်စက်နေတဲ့ကိစ္စနဲ့၊ သတ်ဖြတ်နေတဲ့ကိစ္စတွေဟာ လူငယ်တွေရဲ့အနာဂတ်ကိုသာမဟုတ်ဘဲ တိုင်းပြည်ရဲ့အနာဂတ်ကိုပါ ဖျက်ဆီးနေတာလို့ သူကဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးမှုကို ခံရတဲ့လူငယ်တွေထဲက အချို့ဟာ ဘာသတင်းအစအနမှမရဘဲ ပျောက်ဆုံး နေတာတွေ ရှိသလို အချို့ကလည်း အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရပေမယ့် မိသားစုနဲ့တိုက်ရိုက် တွေ့ဆုံခွင့်မရကြဘူးလို့ ဖမ်းဆီးခံရသူတွေအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့