ရမ်းဗြဲမှာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဖေဖော်ဝါရီလ ၇ ရက် မနေ့ကနေ ဒီနေ့မနက်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်သံတွေလည်း အဆက်မပြတ်ကြားနေရပြီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စီးအပြင် နေဗီစစ်သင်္ဘောပေါ်ကပါ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့ကတည်းက နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်နေတာပါ။ နေဗီပေါ်ကရော၊ ဂျက်တိုက်လေယာဉ်နဲ့ရော မနေ့ကတည်းက ဒီနေ့မနက်အထိ လာပစ်နေပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ တစ်ညလုံး မစဲပါဘူး”

အဲဒီလို လေကြောင်း၊ ရေကြောင်း ပစ်ခတ်မှုကြောင့် မြို့တွင်းနေအိမ်တချို့ မီးလောင်သွားပြီး အရေအတွက် အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဂျက်တိုက်လေယာဉ်ပေါ်ကနေ ရမ်းဗြဲမြို့ကို အဆိပ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနေ့က တမင်တကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ အဲဒီနေ့ညကမှာပဲ ထုတ်ပြန်ထားပါတယ်။

ဂျက်တိုက်လေယာဉ်နဲ့ နေဗီသင်္ဘောပေါ်ကနေ ရမ်းဗြဲမြို့ကို ငါးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး သိမ်တောင်ကုန်း ဘုရားပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ရမ်းဗြဲမြို့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရပါဘူး။

ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်နှစ်လနီးပါးရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပေါ်နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးသွားပြီးလို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲစဖြစ်ချိန်ကစလို့ မြို့ပေါ်နေ လူဦးရေ တစ်သောင်းကျော် မြို့လုံးကျွတ် အိုးအိမ်စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။