ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့လယ်တိုး၊ ညာတခိုကျိုးနဲ့ ခေါပုတ်တို တပ်စခန်းသုံးခုကို KNLA ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၆ ရက် မနေ့က တိုက်ခိုက်ခဲ့ပြီး ညာတခိုကျိုးစခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ဒီအကြောင်းကိုသိတဲ့ သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
ညာတခိုကျိုးစခန်းကို တိုက်ပွဲစပြီး နာရီဝက်အတွင်း သိမ်းယူနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ၇ ရက် ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သူက ပြောပါတယ်။
“မနေ့က မနက် ၆ နာရီမှာ စခန်းသုံးခုကို တစ်ပြိုင်တည်း တိုက်တာ။ ညာတခိုကျိုး စခန်းကိုတော့ နာရီဝက်အတွင်းမှာ သိမ်းလိုက်နိုင်တယ်။ တိုက်ပွဲက တော်တော်ပြင်း တယ်။ စစ်ကောင်စီဘက်က လေယာဉ်တွေ ဆက်တိုက်သုံးတယ်။ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ လေယာဉ်နဲ့လည်း ဆက်တိုက်ဗုံးကြဲနေတယ်”
ဒီတိုက်ပွဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့အတူ BPLA၊ ဒရုန်း အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Force for Federal Democracy – FFD နဲ့ PDF အဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်နေတယ်လို့ တိုက်ပွဲအတွင်း ပါဝင်နေသူတချို့က အတည်ပြုထားပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ RFA က ကနဦးသိရပေမယ့် အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသလို ကရင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
KNU ဗဟိုရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှု ၇၀၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။