ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာနဲ့ သေးဆူလဲရွာတွေက စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နေရာတွေကို တိုက်ခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ဒီဇင်ဘာ ၂ ရက် ဒီနေ့ ပြောပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့က သေးဆူလဲရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီ တပ်မတော် KA၊ KNDF နဲ့ တခြား PDF အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ကုန်းသာရွာက စစ်ကောင်စီတပ် စခန်းကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက် နေ့မနက်ပိုင်းမှာ ထိန်ချုပ်နိုင်ခဲ့တာလို့ KRU တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“သေးဆူးလဲ စခန်းကျသွားတော့ ကုန်းသာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အလုံးအရင်းနဲ့ ဝင်တိုက်တာ စစ်ကောင်စီဘက်က ပြန်ဆုတ်သွားတယ်။ ကုန်းသာမှာက သူတို့အင်အား လေးဆယ်လောက်ပဲရှိတယ်။ ဆုတ်သွားတာက ကုန်းသာနဲ့ မိုင် နှစ်ဆယ်လောက် ဝေးတဲ့နေရာအထိတော့ ပြန်ဆုတ်သွားတယ်”
ဒီဇင်ဘာ ၂ ရက် ဒီနေ့ ညနေပိုင်းမှာတော့ အဲဒီနေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး သူတို့ ဆုတ်ခွာပေးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်လာနိုင်တာကြောင့် ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
ကယားပြည်နယ်အတွင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ ဒေသတွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပေါင်း ၂၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီဇင်ဘာလ ၁ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလကုန်အထိ ကယားပြည်နယ်အတွင်းက ဒီးမော့ဆိုနဲ့ နန်းမယ်ခုံမြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တာကြောင့် ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ KNDF က တိုက်တွန်းထားပါတယ်။