လားရှိုး-ကွမ်းလုံလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်

RFA Burmese
2022.12.09
လားရှိုး-ကွမ်းလုံလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
MNDAA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-ကွမ်လုံလမ်းပိုင်း ကာမိုင်းဒေသလမ်းခွဲအနီးမှာ ဒီဇင်ဘာလ ၈ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့ပြီး MNDAA ဘက်က နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဦးရန်နိုင်က RFA ကို ပြောပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၁၂ တပ်ရင်းက လူအင်အား ၁၀၀ လောက်နဲ့ MNDAA တပ်မဟာ ၂၁၁ တပ်ရင်းရှိတဲ့ နေရာတွေကို စစ်ကြောင်းထိုးလာတဲ့ အတွက် တိုက်ပွဲဖြစ်တာလို့ ဦးရန်နိုင်က ပြောပါတယ်။

“သူတို့က လားရှိုး-ကွမ်လုံလမ်းပိုင်းက မိုင်တိုင် ၃၉ ဘက်ကနေ ကာမိုင်းဒေသဘက်ကို စစ်ချီတက်လာတာပေါ့နော့်။ သူတို့ ချီတက်လာတာက ကျနော်တို့ တပ်စခန်းဘက်ကို ချီတက်လာတဲ့ သဘောပေါ့နော့်။ အဲမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ တစ်နာရီလောက် တော့ကြာတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကုန်ပိုင်းကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော် မြို့နယ် နမ့်ဖာတောင်မှာရှိတဲ့ MNDAA တပ်ဖွဲ့ တပ်စခန်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့လို့ သုံးရက်နီးပါး တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်း လုပ်သား အများအပြား နေရပ်ပြန်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ ကိုးကန့်ဒေသ အာဏာပိုင်တွေနဲ့ MNDAA နှစ်ဖက်လုံးက လောက်ကိုင်မှာ တိုက်ပွဲဖြစ်မယ်ဆိုတာ ကောလာဟလသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အခု ဒီဇင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်က MNDAA တပ်ဖွဲ့ရှိရာနေရာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်နေသလို MNDAA နဲ့ မဟာမိတ်ဖြစ်တဲ့ TNLA တပ်ဖွဲ့ဌာနချုပ် အနီးကိုလည်း ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်နေလို့ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်းဝင်တို့ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒေသအတွင်း တိုင်းရင်းသားအရေး လေ့လာသူတွေကတော့ စစ်ကောင်စီက အခုရက်ပိုင်း TNLA နဲ့ MNDAA တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေတာဟာ မြေပြန့်ဒေသက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့တယ်လို့ ယူဆလို့ အခုလို ထိုးစစ်ဆင်နေ တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

MNDAA နဲ့TNLA ပြောခွင့်ရသူတွေတော့ သူတို့အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။