ပလက်ဝမှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၁၅ ဦးကို CDF အဖွဲ့ ဖမ်းဆီး
2024.02.01
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးကို ချင်းပြည်ကာကွယ်ရေးတပ်ဦး (ဒိုင်ရ်) CDF-Daai က ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းမှာ ဖမ်းဆီးရမိပြီး ဆေးကုသမှုတွေ လုပ်ပေးနေတယ်လို့ CDF-Daai က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သုံးပွင့်အဆင့် ဗိုလ်ကြီး တစ်ဦး၊ နှစ်ပွင့် ဗိုလ်အဆင့် တစ်ဦး အပါအဝင် စုစုပေါင်း အကြပ်စစ်သည် ၁၅ ဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့က ဖမ်းဆီးရမိတာဖြစ်ပြီး အဲဒီအထဲမှာ ဒဏ်ရာပြင်းထန်သူ သုံးဦးနဲ့ သာမန်ဒဏ်ရာရသူ နှစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ တိုက်ပွဲအတွင်း ဒဏ်ရာရလို့ ထွက်ပြေးလာသူတွေ ပါသလို စခန်းကို စွန့်ခွာလာသူတွေလည်း ပါဝင်တယ်လို့ CDF-Daai ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုင်ဘတ်စ်က က RFA ကို ပြောပါ တယ်။
“ထွက်ပြေးလာတာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တပ်စခန်းတွေကနေ ထွက်ပြေးလာတဲ့သူတွေပေါ့နော်၊ ပလက်၀မြို့နယ်ထဲမှာ ဖမ်းမိတာပါ။ တချို့ကလည်း ဒဏ်ရာရထားတာတွေလည်းရှိတော့ တိုက်ပွဲဖြစ်ပြီးမှ အသက်ဘေးလွတ်အောင် ထွက်ပြေးလာတာလည်းပါတယ်။ တချို့ကတော့ စခန်းကို စွန့်ခွာလာတဲ့ သူတွေလည်းပါတယ်။ ၁၅ ဦးလုံးက တပ်ရင်းတစ်ခုတည်းက မဟုတ်ဘူး”
ထွေပြေးလာသူတွေအတွက် အနွေးထည်၊ အဝတ်အစား၊ အစာရေစာနဲ့ လိုအပ်တဲ့ ဆေးကုသမှုတွေကို လုပ်ပေးနေတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
လက်ရှိမှာတော့ လက်၀မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းယူထားတာကြောင့် မြေပြင်မှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ မရှိတော့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းမှာ စစ်ကောင်စီတပ်သားတွေ ကျန်နိုင်သေးတာကြောင့် နယ်မြေရှင်းလင်းရေးတွေ လုပ်နေပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ဒေသခံတွေ ရေကြောင်းသွားလာတာနဲ့ ကုန်စည် ရောင်းဝယ်တာတွေကို ခေတ္တရပ်နားထားဖို့ CDF-Daai က ပြောပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ပလက်၀မြို့နယ် ဟုမ်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ခုနစ်ဦး သေဆုံးပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။
ပလက်ဝမြို့ပေါ်နဲ့ အနီးအနားရွာတွေက ဒေသခံ ငါးသောင်းကျော်ဟာလည်း ဒီနေ့အထိ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ တိုက်ပွဲစတင်ဖြစ်ပွားတာဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက် နှစ်လ အကြာမှာတော့ ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ် ကင်းစင်နယ်မြေအဖြစ် ရက္ခိုင့်တပ်တော် (AA) က ကြေညာခဲ့ပါတယ်။
အာဏာသိမ်းသုံးနှစ်အတွင်း တစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၂၁ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က အခု ဇန်နဝါရီလထဲမှာပဲ ထုတ်ပြန်ထားပါတယ်။