ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေပူးပေါင်းပြီး ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ဗန်းမော်မြို့မြောက်ဘက် မီတာ ၂၃၀၀ အကွာကနေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာမှာ အမှတ်(၂၃၇) အခြေခံပညာမူလတန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းခေါင်းမိုးနဲ့ ပြတင်းပေါက်တံခါးတွေ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။
ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဗန်းမော်မြို့အတွင်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ ပြောပါတယ်။
တဖက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့အနီးစစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး (၂) ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
နိုဝင်ဘာလ (၆) ရက်နေ့ နေ့လယ် (၁) နာရီဝန်းကျင်လောက်မှာ လွယ်ဂျယ်မြို့က ရော်ယုန်တောင်(Yaw Yung Bum)မှာ တပ်စွဲနေထားတဲ့ စစ်ကောင်စီတပ်ဘက်ကနေ မိုင်ဂျာယန်မြို့ထဲကို လက်နက်ကြီး (၂) ကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ မိုင်ဂျာယန်မြို့အနီးက လယ်ကွင်းပြင်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။