ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၁၄ ရက် ညနေပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ဗျူဟာမှူးနဲ့ စစ်သား ၆ဝ ကျော် ဖမ်းမိထားတယ်လို့ KNLA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က RFA ကို ပြောပါတယ်။
“ဗျူဟာကုန်း သိမ်းလိုက်နိုင်ပါပြီ။ စစ်သုံ့ပန်း ၆ဝ ကျော်ထဲမှာ ဗျူဟာမှူးလည်းပါတယ်။ ဖမ်းဆီးရမိတဲ့ အရေအတွက် အတိအကျနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာက အတိအကျ ပြောပါလိမ့်မယ်”
စစ်ကောင်စီတပ်ရဲ့ ၁၂ဝ မမ၊ ၈ဝ မမ နဲ့ ၆ဝ မမ လက်နက်ကြီးတွေ အပါအဝင် လက်နက်ငယ်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်တွေက ကျိုက်ဒုံဗျူဟာကုန်းကို မတ် ၇ ရက်နေ့မှာ စတင်ပိတ်ဆို့ခဲ့ပြီးနောက် လက်နက်ချဖို့ ပြောဆိုခဲ့ပေမယ့် လက်နက်မချတာကြောင့် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
ကျိုက်ဒုံဗျူဟာကုန်းကို တိုက်ခိုက်နေတဲ့ကာလမှာ စစ်ကောင်စီဘက်က လေကြောင်းစစ်ကူနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကျိုက်ဒုံ ဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
“ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်နေစဉ်မှာ စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ လာပစ်တာတွေရှိတယ်။ ဒီမနက်ပိုင်း မတ်လ ၁၅ ရက်ကတော့ စစ်တပ်ဘက်က လေယာဉ်နဲ့ လာပစ်တာတွေ မရှိတော့ဘူး”
ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၇ ရက်နေ့ကစပြီး KNU တပ်မဟာ-၆ နယ်မြေအတွင်းမှာရှိတဲ့ သင်္ကန်းညီနောင်ဗျူဟာကုန်း၊ ဖလူးစခန်းတို့ကို KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ခမရ-၃၅၅ နဲ့ သင်္ကန်းညီနောင် ရဲစခန်းတို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။