မြောက်ဦးက စစ်ကောင်စီတပ်ရင်း တစ်ခုကို AA သိမ်းပိုက်

RFA Burmese
2024.02.05
မြောက်ဦးက စစ်ကောင်စီတပ်ရင်း တစ်ခုကို AA သိမ်းပိုက် မြောက်ဦးအခြေစိုက် ခမရ -၅၄၀ တပ်ရင်းအား သိမ်းပိုက်ပြီးနောက် AA မှ သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။
3 Brotherhood Alliance (AA+MNDAA+TNLA)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၃၇၈) ခြေမြန်တပ်ရင်းကို ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့က အဲဒီညမှာ ထုတ်ပြန်ပါတယ်။

မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေထဲမှာ ခမရ-၃၇၈ နဲ့ ခမရ - ၅၄၀ ကို AA က သိမ်းပိုက်ထားနိုင်ခဲ့ပြီး ခမရ-၃၇၇ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့တာပါ။

အလားတူပဲ ကျောက်တော်အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ - ၃၇၆ တပ်ရင်းကိုလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခြောက်ရင်းအထိ ရှိလာပြီဖြစ်ပါတယ်။

အခုလို ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ဖြစ်ပွားနေပြီး AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။