လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကို စစ်ကောင်စီက ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို DMG သတင်းဌာနမှာ ဖြေဆိုခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးသုံးသပ်ချက်နဲ့ ပတ်သက် လို့ မြေပုံမြို့နယ် ရဲစခန်းက ပုဒ်မှုနှစ်ခုနဲ့ စက်တင်ဘာလ ၁၇ ရက်မနေ့က အမှုဖွင့်ခဲ့ပါတယ်။

တပ်မတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)တို့နဲ့ အမှုဖွင့်ခံရတာလို့ ဦးဖေသန်းက ပြောပါတယ်။

"ကျနော်သည် အသက် ၂၀ ကတည်းက နိုင်ငံရေးလုပ်တယ်၊ အခု အသက် ၆၀ ရှိပြီ၊ ကျနော့် ဖြတ်သန်းမှုက နှစ် ၄၀ ရှိခဲ့ပြီ၊ ဒီတလျောက်လုံး ရခိုင်ပြည်နယ်က နိုင်ငံရေး၊ စစ်ရေးတွေကို ရဲရဲဝံ့ဝံ့ ပြောခဲ့တာ၊ ကိုယ့်နယ်မှာဖြစ်တဲ့ အခြေအနေ၊ ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို ပြောခဲ့တာ၊ မကြိုက်တာက အရင်ကတည်းက မကြိုက် ဘူးပေါ့၊ အခုတော့ DMG သတင်းကို ခေါင်းစဉ်တပ်ပြီး တရားစွဲဖို့ပြင်တာပဲ"

စက်တင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ်အခြေစိုက် Development Media Group သတင်း ဋ္ဌာနမှာ ဦးဖေသန်းက ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သဘောထားမှတ်ချက် ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီသဘောထားမှတ်ချက်ထဲမှာ ဒီတစ်ကြိမ်ပြန်ဖြစ်လာတဲ့ စစ်ကောင်စီတပ်နဲ့ AA တို့ အကြား တိုက်ပွဲဟာ အရှုံးအနိုင်ပြတ်ပြတ်သားသားပေါ်မယ့် တိုက်ပွဲဖြစ်တယ်လို့ သဘောထားမှတ်ချက် ပေးခဲ့သလို သူ့ရဲ့အမြင်တွေကို ဦးဖေသန်းက ပွင့်ပွင့်လင်းလင်း ပြောထားပါ တယ်။

ဒီလိုပြောဆိုမှုအတွက် မြေပုံမြို့နယ် ရဲစခန်းက ဒုရဲမှူး စိုးထွန်းဦးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာလို့ ဦးဖေသန်းက RFA ကို ပြောပါတယ်။

ဒီအမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်ထားတယ်လို့လည်း သူက ပြောပါတယ်။

အမှုဖွင့်တဲ့အခြေအနေကို တိတိကျကျသိရဖို့ မြေပုံမြို့နယ် ရဲစခန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဦးဖေသန်းဟာ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်ဟောင်း တစ်ဦးဖြစ်ပြီး၊ ရခိုင်ဒေသတွင်း နိုင်ငံရေး၊ စစ်ရေးနဲ့ စစ်ဘေးဒုက္ခသည် အရေးတွေကို သတင်းမီဒီယာတွေကနေတစ်ဆင့် ဝေဖန်သုံးသပ်နေတဲ့ ဝါရင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။