ရန်ကုန်မှာ စစ်တပ်ကင်းလှည့်ယာဉ်တန်း မိုင်းဆွဲခံရပြီး နှစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ထဲမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက် မနေ့က ညပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Yangon UG Association(YUA) အဖွဲ့က RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ယာဉ်တန်း ကင်းလှည့်လာတဲ့အချိန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် ၂ လမ်းမကြီးနဲ့ ကျန်စစ်သားလမ်းဆုံမီးပွိုင့်နားမှာ စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ YUA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ကျနော်တို့ စောင့်ကြည့်နေတာ အတော်လေးကြာခဲ့ပါပြီ။ ကျိန်းသေလို့ လုပ်လိုက်တာပါ။ ထိခိုက်မှုကတော့ မျက်မြင်ကိုယ်တွေ့အနေနဲ့ နှစ်ယောက် ထိခိုက်သွားပါတယ်ခင်ဗျ”

မနေ့ညကဖြစ်ရပ်မှာ လမ်းသွားလမ်းလာတွေ ထိခိုက်တာမရှိခဲ့ဘူးလို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံး (လဝကရုံး) မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီဖောက်ခွဲမှုကိုတော့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA Yangon) က ပြုလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့မှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေနဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး စစ်ကောင်စီတပ်ကလည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးနေတာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ၂၅ဝ နဲ့ မြို့ပြပြောက်ကျားအဖွဲ့ ၄ဝဝ ကျော်ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။