တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၁၄,၈၉၀ ဦး သေဆုံးလို့ NUG ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခုခံတော်လှန်နေတဲ့ ကာလအတွင်းမှာ စစ်ကောင်စီတပ်သား ၁၄,၈၉၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၄၈၁၄ ဦးအထိ ရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က မေလ ၂၃ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်နေ့အထိ ပြည်သူ့ခုခံ တော်လှန်စစ် စတင်ခဲ့ချိန်ကနေ ကောက်ယူထားတဲ့ စာရင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်သားတွေ သေဆုံးခဲ့တဲ့ အရေအတွက်ကို ကောက်ယူထားတာဖြစ်ပြီး မြေပြင်အခြေ အနေမှာတော့ ဒီထက်ပိုများနိုင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

NUG ထုတ်ပြန်ထားတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

NUG က ထုတ်ပြန်ထားတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ ညနေ သုံးနာရီအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံတစ်ဝန်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ပေါင်း ၂၅၇ ဖွဲ့ ဖွဲ့စည်း တည်ထောင်ထားသလို၊ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို မြို့နယ်ပေါင်း ၂၅၀ မှာ ဖွဲ့စည်းထားနိုင်ပြီလို့လည်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်ရှိမှာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ ကရင် စတဲ့ ပြည်နယ်တွေဟာ စစ်ကောင်စီ တပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ စစ်ရေး ပဋိပက္ခဇုန်တွေ ဖြစ်ပါတယ်။