စစ်မှုထမ်းဥပဒေ ကျော်လွန်ဆောင်ရွက်သူတွေကို အရေးယူဖို့ ပြည်သူ့ပါတီ တောင်းဆို

စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဥပဒေကို ကျော်လွန်ဆောင်ရွက်နေသူတွေကို တားမြစ်အရေးယူပေးဖို့ စစ်ကောင်စီကို ပြည်သူ့ပါတီက မတ်လ ၁၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်စေချင်လို့ ဥပဒေနဲ့အညီ စနစ်တကျ ဖြစ်အောင်တောင်းဆိုတာလို့ ပြည်သူ့ပါတီ အတွင်းရေးမှူး(၁) ဦးကျော်ကျော်ထွေးက ပြောပါတယ်။

"ပြည်သူ့ပါတီအနေနဲ့ ဖျက်သိမ်းဖို့ တောင်းဆိုရင် လူအများကြိုက်တော့ ဖြစ်မှာပဲ။ ဒါပေမဲ့ ဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်မှာလည်း ဖျက်သိမ်းနိုင်တဲ့အခွင့်အာဏာမရှိဘူး။ ဒီတော့ မဖြစ်မနေလက်ခံလိုက်ရတဲ့အပေါ်မှာ ဥပဒေနဲ့အညီ စနစ်တကျဖြစ်စေချင်တယ်။ ပြည်သူတွေ ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်စေချင်တယ်"

လက်ရှိမှာ ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီဘဲ အောက်ခြေမြို့နယ်အဆင့်က အလွယ်လုပ်ပြီး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မဲနှိုက်ခိုင်းနေတာတွေကို ရပ်တန့်စေချင်တာကြောင့်နဲ့ ဒီလို ဥပဒေနဲ့မညီဘဲ လုပ်နေတဲ့သူတွေကို တားမြစ်၊ အရေးယူမှသာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတဲ့ပြဿနာတွေ ပြေလည်သွားမယ်လို့ ထင်မြင်ကြောင်းလည်း ပြောပါတယ်။

လက်ရှိအခြေအနေမှာ အနိမ့်ဆုံး မိသားစုဝင်တွေအားလုံး ငိုကြွေးနေကြရသလို အဆိုးဆုံးအနေနဲ့ လူငယ်လေးတချို့ အဆိပ်သောက်သေဖို့အထိ ဖြစ်နေကြတာကြောင့် ဒါတွေကို ရပ်တန့်စေချင်တယ်လို့လည်း ဦးကျော်ကျော်ထွေးက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ၊ အဂတိလိုက်စားမှု သတင်းတွေ၊ ထွက်ပြေးတိမ်းရှောင်ကြတဲ့သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဟာ စာရင်းပြုစုပေးပို့ဖို့သာဖြစ်ပြီး ရွေးချယ်အတည်ပြုခွင့်၊ မဲနှိုက်ခြင်းအပါအဝင် စာရင်းကနေ ပယ်ဖျက်ခွင့်မရှိတာကို ဥပဒေမှာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်ပူပန်မှု လျော့နည်းစေဖို့ စစ်ကောင်စီအနေနဲ့ နိုင်ငံတစ်ဝန်း တစ်ပြေးညီကျင့်သုံးမဲ့ နည်းဥပဒေ ညွှန်ကြားချက်တွေကို အများပြည်သူ အလွယ်တကူ သိရှိနိုင်အောင် တိတိကျကျ ထုတ်ပြန်ပေးဖို့လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဥက္ကဋ္ဌအနေနဲ့ဆောင်ရွက်နေတဲ့ ပြည်သူ့ပါတီက တောင်းဆိုထားပါတယ်။

ပြည်သူ့ပါတီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တချို့ဒေသမှာ မဲနှိုက်ရွေးချယ်တာတွေပြုလုပ်နေပြီး စစ်မှုမထမ်းချင်တာကြောင့် ထွက်ပြေးတိမ်းရှောင်မယ်ဆိုရင် မိသားစုကို ဖမ်းဆီးအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေတာတွေရှိတယ်လို့လည်း သိရပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့တာပါ။

ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။