စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်မဖော်နိုင်အောင် အားလုံးပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ပေါင်း ၄ဝ ကျော်က မတ်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ လူထုလှုပ်ရှားမှု နည်းလမ်းပေါင်းစုံသုံးပြီး ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားစုဆောင်းတာ မခံကြဖို့နဲ့ အချက်အလက်ကောက်ယူတဲ့လုပ်ငန်းတွေမှာ မပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ထဲမဝင်ချင်တဲ့သူတွေ တော်လှန်ရေးတပ်ဖွဲ့ထဲဝင်မယ်ဆိုရင် အကူအညီပေးသွားမှာဖြစ်သလို၊ တော်လှန်ရေးအဖွဲ့ထဲမဝင်ဘဲ လုံခြုံတဲ့နေရာကို ပြောင်းချင်တဲ့သူရှိရင်လည်း စားဝတ်နေရေးကအစ ကူညီပေးသွားမယ်လို့ အဲဒီအဖွဲ့တွေက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုအဖွဲ့ပေါင်း ၄ဝ ကျော်ထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSC) နဲ့ တိုင်းရင်းသားအရပ်ဘက်အဖွဲ့တွေပါဝင်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီစစ်မှုထမ်းဥပဒေကို လာမဲ့ဧပြီလမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး စစ်သင်တန်းတွေပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပါတယ်။