ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူခွင့်ရှိပေမဲ့ လတ်တလောမှာတော့ အမျိုးသမီးတွေကို ခေါ်ယူမယ့် အစီအစဉ် မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။
၂၀၁၉ သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့သူ ၁၃ သန်းရှိပြီး အဲဒီထဲမှာ အမျိုးသား ခြောက်သန်းကျော်နဲ့ အမျိုးသမီး ခုနစ်သန်းနီးပါး ရှိပါတယ်။ အမျိုးသားခြောက်သန်းထဲကမှ တစ်ရာခိုင်နှုန်းဖြစ်တဲ့ ခြောက်သောင်းနီးပါးကိုပဲ ခေါ်ယူနိုင်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေမှာ ပြောလိုက်တာပါ။
စစ်မှုထမ်းဖို့ခေါ်တဲ့အခါမှာလည်း အလှည့်ကျစနစ် ကျင့်သုံးမှာဖြစ်ပြီး ဦးစားပေးအလိုက် ခန့်အပ်တာတွေ လုပ်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ကြေညာခဲ့တာပါ။
ဒီဥပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။
အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ်ဆိုရင် အမျိုးသားကို အသက် ၁၈ နှစ်ကနေ ၄၅ နှစ် အထိ သတ်မှတ်ထားပြီး အမျိုးသမီးကိုတော့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။
ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။
ဒီဥပဒေကို လက်တွေ့အကောင်အထည်ဖော်မဲ့ “ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့” ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။
လတ်တလော စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ စိုးရိမ်နေကြပြီး ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာဖို့ပြင်ဆင်နေကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူတွေ လိုက်နာစရာ မလိုဘူးလို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကြေညာထားပါတယ်။