မန်တုံ၊ နမ္မတူနဲ့ နမ့်ဆန်မှာ စစ်အုပ်ချုပ်ရေးကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်သုံးမြို့ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၄ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီမြို့နယ်တွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စစ်အုပ်ချုပ်ရေးအားလုံး အရှေ့မြောက်တိုင်း စစ်တိုင်းမှူးကို အာဏာကုန်လွှဲအပ်လိုက်တယ်လို့လည်း ဆိုပါတယ်။

အခုစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ်သုံးမြို့ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က သိမ်းပိုက်ထားတဲ့မြို့တွေလည်းဖြစ်ပါတယ်။

TNLA ဘက်ကလည်း အဲဒီဒေသတွေမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ကျရောက်တဲ့ ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့မှာ ပြောဆိုထားပါတယ်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကစတဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။