စစ်ကောင်စီဥက္ကဋ္ဌရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အနားပေးခံရ

စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို မေလ ၂၇ ရက်နေ့မှာ တာဝန်က အနားပေးလိုက်ကြောင်း စစ်ကောင်စီ မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

ဦးအောင်နိုင်ဦးဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှာ ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ် အထိ ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလမှာတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အနေနဲ့ ခန့်အပ်ခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ခန့်အပ်ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ၂၀၂၂ ဩဂုတ်လက စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရပါတယ်။

၂၀၂၃ စက်တင်ဘာလမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ကို ပြောင်းရွှေ့ခံရပြီး ၂၀၂၄ ဇန်နဝါရီလမှာ စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

ဦးအောင်နိုင်ဦးဟာ မြန်မာစစ်တပ်မှာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။