၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ သုံးရက်အတွင်း ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်း ၁၆ ခုကို သိမ်းဆည်းထားတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဒီနေ့ ပြောပါတယ်။
မတ်လ ၉ ရက် ဒီနေ့မနက်ပိုင်း (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး နားလုံရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ထပ်မံသိမ်းလိုက်တာလို့ ဆိုပါတယ်။
မတ်လ ၈ ရက်နေ့မှာ ဆွမ်ပရာဘွမ်ဘက်က ရှေ့တန်းစခန်းဖြစ်တဲ့ ခလရ (၄၀)၊ ဆဒုံး-ကန်ပိုင်တည် ပြည်ထောင်စု လမ်းမပေါ်က တပ်စခန်းတစ်ခုနဲ့ ဒေါ့ဖုန်းယန်မြို့နယ်က ခလရ (၁၄၂) တို့ကို သိမ်းပိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
"ဒီနေ့ပါဆိုရင် သုံးရက်အတွင်း တပ်စခန်း ၁၅ ခု၊ ၁၆ ခုလောက် သိမ်းဆည်းရမိထားတယ်။ သိမ်းဆည်းရမိတဲ့ တပ်စခန်းတွေက သူ့ဟာနဲ့သူတော့ စစ်ကောင်စီအတွက် အရေးပါတဲ့စခန်းတွေပါပဲ။ စစ်ကောင်စီဘက်က လေကြောင်းထိုးစစ်တွေကလည်း နေ့တိုင်းရှိနေပါတယ်။ အကြိမ်ရေတောင် မတွက်နိုင်တော့ဘူး"
ဒါ့အပြင် မနေ့နေ့လယ်ပိုင်းမှာလည်း လိုင်ဇာမှာရှိနေတဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ နေအိမ်ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တပ်စခန်းတွေ လက်မလွှတ်ရဖို့အတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်နေပေမယ့် ကုန်းလမ်းကနေ စစ်ကူပို့ပေးတာကိုတော့ မလုပ်နိုင်တော့ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
တိုက်ပွဲခပ်စိတ်စိတ်ဖြစ်နေတဲ့ ဒီကာလမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်အန္တရယ်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဧရိယာတွေနဲ့အဝေးမှာ နေထိုင်ဖို့အကြံပြုတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဒီနေ့နေ့လယ်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။
RFA က ကောက်ယူထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန်၊ ဝှေခါ၊ နန့်တိန်၊ စီခမ်းကြီးနဲ့ မန်ဝိန်းကြီးမှာရှိတဲ့ တပ်စခန်းပေါင်းနှစ်ဆယ်ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။