ပဲခူးတိုင်း အုတ်ဖိုမြို့နယ် မြောက်ပိုင်း ဂမုန်းရေလှောင်တမံအနီးမှာရှိတဲ့ ဝိုင်းရွာ၊ ချောင်းစောက်ရွာ၊ ကိုင်းချိုကြီးရွာနဲ့ တာဝါတိုင်ရွာတွေက ဒေသခံတွေကို စစ်ကောင်စီတပ် က တိမ်းရှောင်ခိုင်းတာကြောင့် အဲဒီရွာလေးရွာက လူပေါင်း ၁၆၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၄ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ဖိအားပေး ရှောင်တိမ်းခိုင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က (စစ်ကောင်စီတပ်က) အစည်းအဝေးခေါ်တယ်လေ။ တစ်ရွာလုံး ၁၅ ယောက်လောက် အစည်းအဝေး သွားတယ်။ ဟိုရောက်တော့ ကျနော်တို့ ဒီရွာကို ရွှေ့ဖို့ နေရာရှိလား အဲဒီလိုမေးတယ်။ မရှိရင် လူတွေရှောင်နေ၊ မရှောင်ရင် ရွာထဲမထားဘူး၊ ပစ်မယ်ခတ်မယ်၊ မီးရှို့မယ် အဲဒီလိုခြိမ်းခြောက်တယ်။ အဲဒီလို ပေါ်တင်ပြောတာ"
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ချောင်းစောက်ရွာအနီးမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က လက်နက် ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၂ နာရီမှာ စစ်ကောင်စီတပ်က ရွာထဲကိုဝင်ရောက်လာပြီး ဒေသခံတွေကို တိမ်းရှောင်ခိုင်းတာလို့ ဆိုပါတယ်။
အဲဒီအချိန်ကစလို့ ချောင်းစောက်ရွာက ဒေသခံတွေက နီးစပ်ရာ ဆွေမျိုး၊ မိသားစုဝင်တွေ ဆီမှာ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့လည်း ပြောပါတယ်။
လက်ရှိ ချောင်းစောက်ရွာထဲမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက ရဲစခန်း၊ ကျောင်းတွေမှာ တပ်စွဲထားပြီး ရွာထဲမှာ လူမကျန်သလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။