နိုင်ငံတစ်ဝန်းမှာ လူငယ်တွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရ

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ခပ်မြန်မြန် အကောင်အထည်ဖော်နေပြီး စစ်မှုထမ်းဖို့ နိုင်ငံတစ်ဝန်းကလူငယ်တွေကို ဖိအားပေးနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာတွေ လုပ်နေတာပါ။

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း စစ်မှုထမ်းဖို့ လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လဟယ်၊ လေရှီးနဲ့ နန်းယွန်းမြို့နယ်တွေမှာ မတ်လ ၁၆ ရက်ကစလို့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ ရဲတွေက တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေတယ်လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ အကျုံးဝင်သူအားလုံးကို ကောက်ယူပြီး မိသားစုဝင်တွေကို လက်မှတ်ထိုးခိုင်းတယ်လို့ နာဂဒေသခံတစ်ဦးက ပြောပါတယ်။

"တချို့မိဘတွေက ပညာမတတ်တာတွေ၊ စာမဖတ်တတ်တာတွေများတော့ ဘုမသိ ဘမသိနဲ့ သွားပြီးမှ လက်မှတ်သွားထိုးတာတွေလည်း အများကြီးပဲ ရှိတယ်။ လက်မှတ်မထိုးရင် ဒီဥပဒေနဲ့ အရေးယူခံရမယ်။ ထောင်တွေဘာတွေကျမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်။ တချို့မိဘတွေလည်း ကြောက်လို့ လက်မှတ်ထိုးလိုက်ရတဲ့အခြေအနေ အဲဒီလိုမျိုးတွေ ရှိတယ်"

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ဆောင်ရွက်နေသူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ပဲခူးတိုင်းမှာလည်း စစ်မှုထမ်းမယ့် စာရင်းမှာပါဝင်လို့ တိမ်းရှောင်နေသူတွေရဲ့ ဓာတ်ပုံတွေကို နေအိမ်တွေက တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းတောင်မြို့နယ်မှာ စစ်မှုထမ်းစာရင်းပါဝင်လို့ လူငယ် သုံးဆယ်ထက်မနည်း တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ဓာတ်ပုံတွေကို တောင်းပေမယ့် ဒေသခံတွေက မပေးကြဘူးလို့ ကျွန်းမီးကျေးရွာအုပ်စုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီလူတွေရဲ့ ဓာတ်ပုံတွေကို တောင်းတာပေါ့၊ အတင်းအကျပ်။ မိသားစုဝင်တွေကတော့ မပေးဘူးဗျ"

တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း အလားတူဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်းက မြို့နယ် ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေကို လက်တွေ့အကောင်အထည်ဖော်နေပါတယ်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ ၁၃ သန်းရှိတယ်လို့ ပြောဆိုထားပါတယ်။