တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲမှာ နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ မနက် ၈ နာရီ ခန့်က စစ်ကောင်စီတပ်သားနှစ်ဦး လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ရဲ့ လေ့ကျင့်ရေး အမောင်းသင် လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိတ်လေတပ်စခန်းကနေ ထားဝယ်ခရိုင်ဘက်ကို ကင်းထောက်ပျံသန်းတဲ့ ရဟတ်ယာဉ် သုံးစင်းနဲ့ အမောင်းသင် လေယာဉ်နှစ်စင်းမှာ တစ်စင်း ပျက်ကျခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြိတ်ဘက်ကို နှစ်စင်း ဆင်းတယ်။ ထားဝယ်ဘက်ကို သုံးစင်း ဆင်းတယ်။ ပြန်လာတဲ့အချိန်မှာ ရေဖြူနဲ့ သရက်ချောင်းဘက်မှာ သူတို့ ကင်းထောက်ပြီးတော့ သွားနေတုန်းမှာ မြိတ်ဘက်ကိုဆင်းမယ့် နှစ်စင်းမှာ တစ်စင်းက ပျက်ကျသွားတာပါ။ ကျွဲဇပ်ရွာရဲ့ လယ်ကွင်းထဲကို ကျတာပါ။ လူထိခိုက်သေဆုံးတာ မရှိဘူး။ ကြက်ခြေနီကလည်း စစ်သားနှစ်ယောက်ကို ခေါ်သွားတယ်”
ပျက်ကျသွားတဲ့ လေယာဉ်ဟာ ထားဝယ်ခရိုင်ထဲက လှေဆိပ်တွေဘက်ကို မောင်းသင်ရင်း PDF စခန်းတွေ ရှိနိုင်မယ်လို့ ထင်တဲ့နေရာတွေကို ပတ်ကြည့်ခဲ့သလို ရေဖြူနဲ့ လောင်းလုံး ဘက်ကိုလည်း ကင်းထောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းမှာ အခုလို လေယာဉ်ပျက်ကျတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လည်း ထားဝယ်မြို့ မြတ်ရှင်မော်ဘုရားဘက်မှာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်း လေယာဉ်ပျက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးသလို ဒေသခံတွေအနေနဲ့လည်း ဘာကြောင့် ပျက်ကျသလဲဆိုတာ တိတိကျကျမသိရသေးဘူးလို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လကလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အနီးစခန်းလေဆိပ် ကိုဆင်းတဲ့ စစ်ကောင်စီရဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ဆရာတော်ကြီးတစ်ပါးနဲ့ အရာရှိတွေအပါအဝင် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။