ရွှေဈေးထိန်းချုပ်ဖို့ ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းမယ်လို့ စစ်ကောင်စီပြော

ပြည်တွင်းမှာ အကယ်ဒမီ အခေါက်ရွှေဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်လာပြီးနောက် စစ်ကောင်စီက ရွှေဒင်္ဂါးပြားတွေကို ထုတ်ရောင်းမယ်လို့ စစ်ကောင်စီ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက် မနေ့ညက ကြေညာပါတယ်။

ကြေညာချက်ထဲမှာ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေ ကို ရောင်းချပေးမယ်လို့ဆိုပေမယ့် ဘယ်အချိန်မှာ ဘယ်ဈေးနှုန်းနဲ့ အရေအတွက် ဘယ်လောက်အထိ ရောင်းချပေးမယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

အခုလို ရွှေဒင်္ဂါးပြားတွေ ရောင်းချလာတာဟာ ပြင်ပက ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ဆောင်တာဖြစ်ပြီး ပြင်ပမှာရှိနေတဲ့ ဝယ်လိုအားအတိုင်း ရောင်းချပေးမှ ဈေးကွက် တည်ငြိမ်မယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့ဘယ်လောက်ရောင်းနိုင်သလဲ ကြည့်ရမယ်။ မနိုင်မနင်းနဲ့ ဆင်ပါးစပ် နှမ်းပက် သလို ဖြစ်ရင် အပြင်မှာက ကုန်သည်တွေအများကြီး ရှိတာလေ။ ဈေးကွက်ဝယ်လိုအား အတိုင်း ရောင်းပေးမယ်ဆိုရင်တော့ ရွှေဈေးက ကျမှာပေါ့။ ပေါက်ဈေးတစ်ခု ထွက်လာလို့ ဝယ်လို့၊ ရောင်းလို့ရရင်တော့ ဈေးက ကျမှာပါ။ အရင်တုန်းက ရွှေတစ်ကျပ် သား ငါးသိန်းခေတ်တုန်းကလည်း ဒီလိုပဲ ရွှေဒင်္ဂါးရောင်းပေးတာပဲ။ ရွှေဈေး ကျမှ မသွားတာ။ ပြင်ပကုန်သည်လက်ထဲမှာ တစ်ပိဿာ ကိုင်ထားရင် သူတို့ဘက်က နှစ်ပိဿာ ရောင်းပေးမှရမယ်"

ရွှေဈေးကွက်မတည်မငြိမ်ဖြစ်လာတာဟာ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်း မြင့်မား လာတာကြောင့်ဖြစ်ပြီး ငွေလဲနှုန်း တည်ငြိမ်မှ ရွှေဈေးနှုန်းတည်ငြိမ်မယ်လို့ သူက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းက ပြန်ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေးနှုန်းဟာ ပြန်ကျသွားတာမျိုး မရှိဘဲ ပြင်ပ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းပေါ် မူတည်နေတယ်လို့လည်း ဆိုပါတယ်။

အခု ရောင်းချမယ့် ရွှေဒင်္ဂါးပြားတွေရဲ့ အရည်အသွေးက အပြင်မှာရောင်းနေတဲ့ အခေါက်ရွှေ ထက် အရည်အသွေးကောင်းမွန်ပြီး ရွှေဈေးနှုန်းကိုတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်းက နေ့စဉ်ပေါက်ဈေးတွေ အတိုင်းရောင်းချပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က RFA ကိုပြောပါတယ်။

"ရွှေဈေးကျသွားမယ်။ ဝယ်ချင်သူတွေအနေနဲ့လည်း ဝယ်နိုင်မယ့်တစ်နေရာ တိုးသွားတာပေါ့။ အခုက ဈေးကွက်ထဲမှာ ဝယ်လိုအား ကျသွားပြီးတော့ မနေ့ကစပြီး ရောင်းလိုအားတွေ ပြန်များလာတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒေါ်လာဈေးအပေါ် မှာလည်း မူတည်တယ်။ ဒေါ်လာဈေး ဘယ်လောက်အထိ ကျသွားမလဲပေါ့။ ထုတ်ရောင်းမယ့် အရေအတွက်ကတော့ မသိရသေးပါဘူး"

ရွှေတူးဖော်တဲ့ ရာသီပြန်ရောက်လာတာနဲ့ ရွှေဒင်္ဂါးတွေ ရောင်းချတော့မှာဖြစ်တာကြောင့် ရွှေဈေးနှုန်းက ပြန်ကျသွားမှာဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်မှာဖြစ်တယ်လို့ သူကပြောပါတယ်။

အရင်ကတော့ ရွှေဒင်္ဂါးရောင်းချတာကို ကျောက်မျက်ရတနာအရောင်းပြခန်းတွေမှာ ရောင်းချတာလို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ၁၉၉၁ ခုနှစ်ကတည်းက စပြီးတော့ တစ်ကျပ်သား ၊ ငါးမူးသားနဲ့ တစ်မတ်သား စတဲ့ ရွှေဒင်္ဂါးပြားတွေကို ရောင်းချခဲ့တာပါ။ တစ်ကျပ်သား ရွှေဒင်္ဂါးကို ကြယ်ပွင့်ပုံစံ၊ တစ်မတ်သား ရွှေဒင်္ဂါးတွေကို သစ်ဆွဲနေတဲ့ ဆင်ပုံစံနဲ့ ငါးမူးသား ရွှေဒင်္ဂါးပြားတွေကိုတော့ လယ်ထွန်နေတဲ့ ပုံစံတွေနဲ့ သွန်းလောင်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ တစ်ကျပ်သား ၊ တစ်မတ်သားနဲ့ ငါးမူးသား ရွှေဒင်္ဂါး ပုံစံသစ်တွေကို ဗိုလ်ချုပ် အောင်ဆန်းပုံစံ မျက်နာပြင်အဖြစ်ပြောင်းလဲခဲ့တာပါ။

ဒီကနေ့ စက်တင်ဘာ ၂ ရက် အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ရောင်းဈေး ကျပ်သိန်း ၃၀ နဲ့ ဝယ်ဈေး ၂,၈၅၀,၀၀၀ ကျပ် ရှိတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။