စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရေဦးမြို့နယ် စည်သာမြေနဲ့ ပန်းကုန်းရွာမှာ လေးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် စည်သာမြေရွာကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီ တပ်က စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သလို တပ်အင်အားချ စစ်ကြောင်းထိုးခဲ့ပြီးနောက် ဒေသခံလေးဦး သေဆုံးခဲ့ရတယ်လို့ ရေဦးမြို့နယ် ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ရုရှားနိုင်ငံထုတ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် လေးစင်းနဲ့ ပစ်ခတ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စင်းနဲ့ စစ်သားတချို့ ချထား ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီလမ်းကြောင်းတစ်လျှောက်လုံးကို ရဟတ်ယာဉ်နဲ့ ဝဲသွားသေးတာ။ စည်သာမြေရွာက ရဟတ်ယာဉ်နဲ့ ပစ်ခံရတာ သုံးယောက်တဲ့။ ပန်းကုန်းရွာကို စစ်ကြောင်းထိုးတော့ သေသွားတာက တစ်ယောက်။ စုစုပေါင်း လေးယောက်။ လက်နက်ကြီးမှန်လို့ ထိတာက ဘိုရုံရွာက မိန်းမကြီးတစ်ဦး။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး"

အဲဒီပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ စည်သာမြေရွာက အမျိုးသားသုံးဦးကို စည်သာ မြေရွာမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့ ချခဲ့တဲ့ စစ်ကောင်စီတပ်အင်အား ၆၀ ခန့်ဟာ စည်သာမြေရွာ အနီး တစ်ဝိုက်က ရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ပန်းကုန်းရွာမှာ အသက် ၅၀ ကျော် အရွယ် ဒေသခံအမျိုးသားတစ်ဦးကို ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးလျက် တွေ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝတ်ဆင်တဲ့ ယူနီဖောင်းအနက်ရောင်ကို ဝတ်ဆင်ပြီး လက်ပတ်အနီရောင်တွေ သုံးလာ တယ်လို့လည်း ဒေသခံက ဆိုပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ရာမှာတော့ ဒီကိစ္စဟာ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် သူ့အနေနဲ့ မသိရှိသလို သတင်းထုတ်ပြန်လေ့ လည်း မရှိဘူးလို့သာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။