ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်နေပြီး အုပ်ချုပ်ရေးအဖွဲ့တွေ မသမာမှုရှိနေ

ဧရာဝတီတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ဆိုပြီး မဲနှိုက်ရွေးချယ်မှုကို မတ်လ ၁၆ ရက်က စလုပ်နေပေမယ့် ဥပဒေနဲ့အကျုံးဝင်သူတိုင်းကို ခေါ်တာမဟုတ်ဘဲ တချို့ကိုချန်ထားပြီး ရွေးချယ်နေတာကြောင့် မဲနှိုက်ရမယ့်သူတွေ မကျေမနပ်ဖြစ်နေကြတယ်လို့ မဲစာရင်းမှာပါသူတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မတ်လ ၁၆ ရက်နေ့က ဖျာပုံ၊ မြောင်းမြနဲ့ ဟင်္သာတမြို့နယ်တွေမှာ အသက် ၂၀ ကနေ ၃၀ အတွင်း လူငယ်တွေကို ကျေးရွာနဲ့ ရပ်ကွက်တစ်ခုအတွက် လူနှစ်ဦးနှုန်း မဲနှိုက်ရွေးချယ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုရွေးချယ်ရာမှုကို သက်ဆိုင်ရာ အုပ်ချုပ်ချုပ်ရေးမှူးတွေ၊ ရုံးစာရေးနဲ့ ရပ်မိရပ်ဖတွေကနေပဲ ကြီးကြပ်ပြီး ရွေးချယ်ပေးတာလို့ ဆိုပါတယ်။

မဲစနစ်နဲ့ရွေးချယ်ရာမှာ ဥပဒေနဲ့အကျုံးဝင်သူတိုင်းမပါဝင်ဘဲ နီးစပ်ရာခေါ်နေတာကြောင့် မဲနှိုက်ရမယ့်သူတွေက ကန့်ကွက်နေကြတာလို့ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရတဲ့ ဟင်္သာတ မြို့ခံလူငယ်တစ်ဦးက RFA ကိုပြောပါတယ်။

“ရပ်ကွက်လူကြီးတွေ စာရင်းထုတ်လိုက်တဲ့အခါမျိုးမှာ ပါလာတဲ့သူတွေက အခုအစည်းအဝေးပွဲ တက်ရတယ်။ အစည်းအဝေးတက်ပြီးရော အခု အဲဒီလူတွေကနေပြီးတော့ ကျန်ခဲ့တဲ့လူတွေ ဘာကြောင့်မပါတာလဲ၊ ကျန်ခဲ့တဲ့သူလည်း ရှိတယ်ပေါ့။ သူ့အသက်အရွယ်အရ ကျန်ခဲ့တဲ့သူလည်း ရှိတယ်။ ဝန်ထမ်းလည်းမဟုတ်ဘူး၊ ကျောင်းသားလည်းမဟုတ်ဘဲနဲ့ ကျန်ခဲ့တဲ့သူရှိတယ်။ အဲဒီလိုလူတွေက ဘာလို့မပါတာလဲ အဲဒီလိုမျိုးတွေ ပြောကြတယ်ပေါ့။ လူနည်းစုတစ်ခုပဲပါပြီးတော့ ကျန်တဲ့သူတွေက မပါတာရှိတယ်။ တော်တော်များများလည်း မပါကြဘူး”

စစ်မှုထမ်းဖို့ မဲနှိုက်ရသူတွေဟာ မဲနှိုက်ပြီးတဲ့အခါမှာလည်း စစ်ကောင်စီဘက်က ဘယ်လိုဆောင်ရွက်မလဲဆိုတာ သေချာမသိရသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မဲနှိုက်တဲ့အခါ အုပ်ချုပ်ရေးပိုင်းတွေရဲ့ မရိုးသားမှုတွေပါရှိနေပြီး စစ်မှုထမ်းဖို့လည်း ဆန္ဒမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မဲစာရင်းမှာပါဝင်သူတွေက ပြောပါတယ်။

ဟင်္သာတမြို့က ရပ်ကွက်တချို့မှာတော့ မဲပေါက်သူတွေကို မဲနှိုက်ပြီးတာနဲ့ တစ်ခါတည်းခေါ်သွားတယ်လို့ ဟင်္သာတမြို့ခံ နောက်တစ်ဦးက RFA ကိုပြောပါတယ်။

“လက်ရှိအခြေအနေကတော့ တစ်ရပ်ကွက်ကိုနှစ်ယောက် မဲနှိုက်တယ်ပေါ့။ မဲနှိုက်ပြီးတော့ ပါတဲ့သူက လိုက်သွားရမယ်ပေါ့။ ဟိုဘက်ရပ်ကွက်မှာတော့ တစ်ခါတည်းခေါ်တယ်လို့ ပြောနေကြတယ်။ ဒီဘက်ရပ်ကွက်မှာတော့ မဲနှိုက်ဖို့ စကားများနေကြတယ်”

ဖျာပုံမြို့နယ်က ရွာတချို့မှာလည်း မတ်လ ၁၇ ရက်နေ့က လူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး မဲနှိုက်ခိုင်းခဲ့ပေမယ့် မဲပေါက်တဲ့လူငယ်တချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဖျာပုံမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

ရပ်ကွက်ကျေးရွာအလိုက် အုပ်ချုပ်ရေးပိုင်းအဖွဲ့တွေအနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတိုင်းကို ခေါ်ယူမဲနှိုက်တာမျိုးမလုပ်ဘဲ ဘာကြောင့် အခြားအကျုံးဝင်သူတွေကို ချန်ထားသလဲဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လူငယ်တွေကို စစ်မှုထမ်းဖို့ မဲနှိုက်ခေါ်ယူနေတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တစ်နှစ်ကို အင်အားငါးသောင်းနှုန်း ခေါ်ယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေကတစ်ဆင့် ပြောဆိုထားပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်သူ အနည်းဆုံး ၁၃ သန်းရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။