ကာချုပ်နဲ့ တွေ့ရတဲ့အကြောင်းအရင်းကို ဒေါက်တာအေးမောင်ပြော


2017.08.10
minaunghlaing-anp-622 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၉ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ပတ်သက်ပြီး လွှတ်တော်ကနေတဆင့် အစိုးရကို တင်ပြဖို့ ကြိုးပမ်း ခဲ့ပေမယ့် တင်ပြခွင့်မရတာကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအတွက် လုပ်ပေးနိုင်တဲ့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စား လှယ်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ANP ပါတီ ဥက္ကဌ ဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလို ပြောတာပါ။

"တိုင်းရင်းသားမျိုးနွယ်စုတစ်ခုရဲ့ ရွာတစ်ရွာမှာ ကျားမ ၈ ဦးလောက် တပြိုင်တည်းအသတ်ခံရတယ်ဆိုတဲ့ သမိုင်းဟာ အင်မတန်ရင်နာဖို့ကောင်းတယ်ဗျ၊ အဲဒီလိုအဆိုကို ကျနော်တို့ကတင်မိလို့ ဆွေးနွေးခွင့်မရခဲ့ဘူး ဆိုရင်ကို အစိုးရကဆောင်ရွက်နေပါတယ်ဆိုတာနဲ့ ဖြတ်လိုက်ရင် ကျနော်တို့လူထုက ထပ်ပြီးအသေခံရမှာပါ၊ အဲဒီအခါမှာ ကျနော်တို့က အောက်ဆင်းရှာရတယ်ခင်ဗျ၊ ဒီလိုအသတ်ဖြတ်မခံရအောင် အတားဆီးလုပ်နိုင်တဲ့ အဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းလဲပေါ့၊ ကျနော်တို့ နိုင်ငံတော်သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ချည်းကပ်လို့မရတာပါ၊"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၇ ဦးကို မနေ့က လက်ခံတွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်တိုင်းရင်းသားတွေ နေရပ် စွန့်ခွာနေရတဲ့ ကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်က မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာက ဒေသခံ မြို တိုင်းရင်းသားအချို့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသလို ရသေ့တောင် မြို့နယ်မှာလည်း အကြမ်းဖက်သမားတွေကို သွားရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့တွေ လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေ ကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးဖို့နဲ့ နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ တိုင်းရင်းသားတွေရဲ့ ကျေးရွာတွေ ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့အဆိုကိုလည်း အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။