ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ကင်းဆိပ်ရပ်ကွက်ကို မတ်လ ၁ ရက်နေ့ မနေ့ည ၁၁ နာရီမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးငါးလုံးကြဲခဲ့တာကြောင့် လေးဦးဒဏ်ရာရခဲ့တာဖြစ်ပြီး အဲဒီအထဲက နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့ည ၁၁ နာရီလောက်မှာ ဂျက်လေယာဉ်တစ်စင်းနဲ့ လာပြီးဗုံးကြဲသွားတာပါ။ ဗုံးငါးလုံးချခဲ့ပါတယ်။ အရပ်သားလေးဦး ဒဏ်ရာရသွားပါတယ်။ တစ်ယောက်က မျက်လုံးကန်းသွားတယ်။ နောက်တစ်ယောက် ခြေထောက်ပြတ်သွားတယ်။ ကျွန်တော်တို့ အိမ်နားမှာလည်း ဗုံးတစ်လုံးကျပါတယ်”
နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး နှစ်အိမ်ကတော့ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကြဲချခဲ့တဲ့ဗုံး ငါးလုံးထဲမှာ တစ်လုံးကတော့ မပေါက်ကွဲဘဲ ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း မင်းပြားမြို့နယ် သေကန်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
အဲဒီနေ့မှာပဲ မင်းပြားမြို့မြို့နယ် မင်းဖူးဆေးရုံကိုလည်း ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံရဲ့ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေတဲ့ အရပ်သားတွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဒဏ်ရာရခဲ့တယ်လို့ (AA) က ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) တပ်ရင်းသုံးရင်းကို ဖေဖော်ဝါရီလ ၆ ရက်မှာကတည်းက ရက္ခိုင့်တပ်တော် (AA) ကသိမ်းပိုက်ခဲ့ပြီး မြို့ကိုပါ ထိန်းချုပ်ထားတာဖြစ်ပါတယ်။