မင်းပြားမှာ စစ်ကောင်စီရဲ့ရေတပ် ဇက်ရေယာဉ်နှစ်စင်း တိုက်ခိုက်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မင်းပြားဘက်ကို ရိက္ခာတင်ပို့တဲ့ စစ်ကောင်စီရဲ့ရေတပ် ဇက်ရေယာဉ်နှစ်စင်းကို နိုဝင်ဘာ ၈ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခေါင်းလောင်းချောင်းရွာနဲ့ သက်ပုန်းရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နာရီခန့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခေါင်းလောင်းချောင်း ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က ရိက္ခာပို့တဲ့ Navy နှစ်စီးကို AA က တိုက်တာပါ။ ကျနော်တို့ရွာကနေ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရောကြားရတယ်။ ပြီးတော့ ခဏနေရင် လေယာဉ်တစ်စီးရောက်တယ်။ မြစ်ကြောင်း တစ်လျှောက် ဝဲပြီးပစ်တယ်။ ပြီးရင် မင်းပြားမြို့ပေါ် တပ်ရင်းတွေက လက်နက်ကြီးပစ်တယ်။ တစ်နာရီလောက် တိုက်ပွဲဖြစ်ခဲ့တယ်”

မြစ်ကြောင်းတစ်လျှောက် ရွာတွေထဲကို လက်နက်ကျည်တချို့ ကျရောက်ခဲ့ပေမယ့် ဒေသခံတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ဆိုပါတယ်။

တစ်နာရီကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ တိတိကျကျ မသိရသေးသလို RFA အနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း အခုလိုပဲ စစ်ကောင်စီ ရေတပ်ရဲ့ ဇက်ရေယာဉ်နှစ်စင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခေါင်းလောင်းချောင်းရွာ၊ ဖလောင်းပြင်ရွာနဲ့ စက္ကရေရွာတွေက ဒေသခံကိုးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့မနက်ဇက်ရေယာဉ်နှစ်စင်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။