မင်းတပ်မြို့နယ် ပလုံတွီရွာမှာ အစုလိုက် မီးရှို့ခံရတဲ့ ရုပ်အလောင်းများတွေ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပလုံတွီရွာမှာ အစုလိုက် အပြုံလိုက် မီးရှို့ခံရထားရတဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာလ ၁၀ ရက် မနေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၂၀ နီးပါးဟာ ပလုံတွီရွာကို နိုဝင်ဘာလ ၇ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၄၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲက ဒေသခံအများစု ပြန်လွတ်လာပေမယ့် ခြောက်ဦးက အခုချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေဟာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတာကြောင့် သေဆုံးသူတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ခွဲခြားလို့ မရဘူးလို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် ကိုလောရန့်စ်က ပြောပါတယ်။

“စစ်ကောင်စီတပ်က ပလုံတွီရွာမှာ နှစ်ရက်လောက်တပ်စွဲထားတာ။ တပ်စွဲပြီး ပြန်ထွက်သွားတော့ မီးရှို့ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရတာပါ။ ဘယ်သူတွေလဲ။ ဘယ်နှစ်ဦးလဲဆိုတာတော့ မသိရသေးပါဘူး။”

ပျောက်ဆုံးနေတဲ့ အရပ်သားတွေဟာ သတ်ဖြတ်ပြီး မီးရှို့ဖျက်ဆီးခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) က နိုဝင်ဘာလ ၁၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၄၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီအပြင် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ချင်းပြည်နယ်မှာ အရပ်သား ၄၆၂၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၃၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။