ဟားခါးမှာ ချင်းတပ်ရဲ့ကားပေါ် မိုင်း‌ပေါက်မှုကြောင့် ကလေးနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ

[Update: 9:47 PM, March 11, 2024]

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ရွာတစ်ရွာမှာ မတ်လ ၁၀ ရက်နေ့က ‌ဆဲန်ထန်း ချင်း‌ဒေသကာကွယ်ရေးတပ် (CDF - Senthang) ရဲ့ကားပေါ်ကို ကလေးငယ်တွေ တက်ပြီး ဆော့ကစားရာကနေ မိုင်းပေါက်ကွဲခဲ့တာကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေးလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဆဲန်ထန်းတပ်ဖွဲ့ရဲ့ ကားတစ်စီး ရွာကိုရောက်လာပြီး အဲဒီကားပေါ်ကို ကလေးနှစ်ဦး တက်ဆော့ရာကနေ မိုင်းပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကားက ရွာကို မနေ့ကရောက်လာတယ်။ ကိစ္စရှိလို့ထင်တယ်၊ သူတို့ဆင်းသွား‌တော့ ကလေးတွေကလည်း ကားထဲမှာသွားဆော့ကြတာ။ ကားထဲမှာ သူတို့ပါလာတဲ့ မိုင်း‌ဆော့ရာက‌နေ ပေါက်ကွဲသွားတာ။ တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးပဲ။ တစ်ယောက်ကတော့ ဆေးရုံပို့တဲ့လမ်းမှာပဲ ဆုံးသွားတယ်"

သေဆုံးသူတွေဟာ အသက် ၇ နှစ်အရွယ်နဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်နှစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ CDF ဆဲန်ထန်း အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ဟားခါးမြို့နယ်က ရွာတစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆ နှစ်ဝန်းကျင်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။

(မှတ်ချက်။ သတင်းဖြစ်ပျက်ရာနေရာရှိ ဒေသခံများ၏ လုံခြုံရေးအတွက် အခင်းဖြစ်ပွားရာ နေရပ်အတိအကျ၊ ကလေးသူငယ်များ၏အမည်နှင့် ဓာတ်ပုံများကို စိစစ်ပြင်ဆင်ထားပါသည်။)