မင်္ဂလာဒုံ ရပ်ကွက်ငါးခုက ဘာသာရေးအဆောက်အအုံများကို နှစ်ရက်အတွင်း ဖျက်ပေးရမယ်လို့ဆို

RFA Burmese
2022.11.30
မင်္ဂလာဒုံ ရပ်ကွက်ငါးခုက ဘာသာရေးအဆောက်အအုံများကို နှစ်ရက်အတွင်း ဖျက်ပေးရမယ်လို့ဆို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို‌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ကျူးကျော်အဖြစ် စွပ်စွဲခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုက ရပ်ကွက်ငါးခုမှာရှိတဲ့ ဘုရားစေတီတွေအပါအဝင် ဘုန်းကြီးကျောင်း၊ သီလရှင် ကျောင်းတွေအားလုံးကို နှစ်ရက်အတွင်း ဖျက်ပေးဖို့ စစ်ကောင်စီက ညွှန်ကြားလာတယ်လို့ အဲဒီရပ်ကွက်ငါးခုထဲမှာ သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော်တွေက ပြောပါတယ်။

စစ်ကောင်စီက မြို့နယ်သံဃနာယကကို ဖုန်းနဲ့ဆက်သွယ်ပြီး ညွှန်ကြားတာကြောင့် မြို့နယ်သံဃနာယက က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တစ်ဆင့်အသိပေးလာတယ်လို့ ရပ်ကွက် ငါးခုထဲက ကျောင်းတစ်ခုမှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင် ဆရာတော် တစ်ပါးက RFA ကို မိန့်ပါတယ်။

“မြို့နယ်သံဃနာယကကို သူတို့က လှမ်းပြီးတော့ ဖုန်းနဲ့ အဆက်အသွယ်လုပ်ပြီး ပြောတယ်တဲ့၊ နှစ်ရက်အတွင်း ဖျက်ပေးဖို့ စွန့်ခွာပေးဖို့ အဲလိုမျိုး။ တခြားကျောင်းမှာပဲ နေရတာပေါ့။ ကိုရင်လေးတွေ ဦးပဉ္စင်းမှာ ခြောက်ပါးပါတယ်။ ဦးပဉ္စင်းနှစ်ပါး၊ ဦးပဉ္စင်းပါဆိုရင် သုံးပါးပေါ့။ ကိုးပါး ဒီမှာ ဒုက္ခကို ရောက်နေတယ်”

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာအုပ်စုက တပ်ပိုင်မြေမှာ ပါဝင်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစိုက်ခင်း စတဲ့ရပ်ကွက် ငါးခုကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ပြီး စစ်ကောင်စီက ဖြိုဖျက် ရှင်းလင်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အဲဒီရပ်ကွက်ငါးခုမှာရှိတဲ့ စေတီပုထိုးတွေအပါအဝင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေကို ဖျက်ပေးဖို့ စစ်ကောင်စီက မြို့နယ် သံဃနာယက ကနေတစ်ဆင့် အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရပ်ကွက်ငါးခုမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်တွေနဲ့ သီလရှင်တွေဟာ ကျောင်းတွေကို ဒီအတိုင်း ထားခဲ့ကြပြီး ရွှေ့ပြောင်းသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစိုက်ခင်း စတဲ့ရပ်ကွက်ငါးခုမှာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း စုစု ပေါင်း ၁၁ ကျောင်းရှိပြီး စေတီတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ခံထားရတဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက် ငါးခုထဲက ဂုံညှင်းနီရပ်ကွက်နဲ့ စံသမာဓိရပ်ကွက်တွေကို တော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့တွေက စတင် ဖယ်ရှားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။