စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းနံဘေးက ရွာပေါင်းခုနစ်ရွာမှာရှိတဲ့ ဒေသခံ လေးထောင်ကျော်ဟာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် အောက်တိုဘာလ ၈ ရက်နေ့ကစပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းကင်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဒီစစ်ကြောင်းဟာ စဝင်ရောက်လာတဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာပဲ အိမ်ခြေ ၁၆၀ ခန့်ရှိတဲ့ ဖရုံကာရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၄ လုံး မီးလောင်ကျွမ်းခဲ့ တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ကစပြီး ဒီဒေသတစ်ဝိုက်က ဖရုံကာရွာ၊ ခုံရွာ၊ အူရွာ၊ ချောင်းဝရွာ၊ ရှားတောရွာ အပါအဝင် ရွာပေါင်း ခုနစ်ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ တာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဖရုံကာရွာ မီးရှို့ပြီးနောက် တခြားရွာတွေတော့ မီးဆက်မရှို့ဘူး။ ပြေးနေကြရတာ၊ တောထဲနေကြရတာပေါ့။ သူတို့က မြစ်ကမ်းဘေးရွာတွေဆိုတော့ မော်တော်တွေ ကလည်း ဆန်တက်လာခဲ့ပြီဆိုတော့ ပြေးနေကြရတာ"
စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ ခုံသာရွာနဲ့ အူရွာကို ဆက်လက်ဝင်ရောက်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာကိုမီးရှို့သွားတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီခြားအတည်မပြုနိုင်သလို နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်း ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တချို့ဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာတာဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ အဲဒီအထဲက ရေယာဉ် ၁၂ စီးကို မင်းကင်း PDF တပ်ရင်း (၂) က တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာပဲ တပ်ရင်း (၂) က သတင်းထုတ်ပြန်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပျုစောထီးအဖွဲ့ဝင် အင်အားတစ်ရာခန့်ဟာ စစ်ရေယာဉ်နှစ်စီးနဲ့ မင်းကင်း PDF တပ်ရင်း (၂) ရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာကြောင့် အဲဒီစခန်းကနေ ဆုတ်ခွာခဲ့ရတယ်လို့ တပ်ရင်း (၂) က ထုတ်ပြန်ထားပါတယ်။