မင်းကင်းတောင်ပိုင်းက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

2022.10.04
မင်းကင်းတောင်ပိုင်းက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ဒေသခံများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ရစဥ်။
ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တောင်ပိုင်း ရွာခုနစ်ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့ရဲ့တောင်ဘက် ခုနစ်မိုင်ခန့်အကွာမှာရှိတဲ့ ဖက်ထုတ်ရွာ၊ ညောင်ကိုင်းရွာ၊ ပသေးရွာ၊ အင်းဒေါင်းနဲ့ အထက်စသာရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး နေရတာပါ။

စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက အင်အား နှစ်ရာခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း ဝင်လာလို့ ထွက်ပြေးခဲ့ရတာလို့ မင်းကင်းမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်အရေး ကူညီ‌နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၄ နာရီ လောက်ကတည်းက ခြေလျင်တက်လာတာ။ မင်းကင်းဘက်က သတင်းပို့တာနဲ့ ကျမတို့ဒေသကလူတွေ မနက် ၄ နာရီခွဲလောက် ကတည်းက ပြေးကြရတာ။ ဘယ်ရွာဝင်မယ်မှန်း မသိဘူးဆိုပြီး။ ၁၁ နာရီလောက်မှာ ထုံးမန်းနားမှာတဲ့။ ညနေ ၂ နာရီခွဲလောက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေက နောက်ဆုံးပေးရရင်း အောက်တိုဘာ ၁ ရက်နေ့မှာတော့ သူတို့ဝင်လို့ရသွားတာ"

မင်းကင်းမြို့နယ်တောင်ပိုင်း ဒေသအခေါ် တောင်လတ်ဒေသဆိုတဲ့ ဒီဒေသမှာ စစ်ဘေး ဒုက္ခသည်စခန်း သုံးခုရှိနေပြီး အဲဒီစခန်းတွေက စစ်ဘေးဒုက္ခသည်တွေပါ ထွက်ပြေး နေရတယ်လို့ သူက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၇၀ ဝန်းကျင်ရှိ ထုံးမန်းရွာကို ဝင်ရောက်ချိန် အိမ်ခြေ ၂၇ လုံး ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။

မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ (Mkpdf-2) ကတော့ ဒီဒေသတစ်ဝိုက်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထိခိုက်၊ သေဆုံးနိုင်ပြီး မင်းကင်း မြို့ပေါ်က ပြည်သူတွေလည်း စစ်ကောင်စီတပ်သားတွေနဲ့ နီးစပ်ရာမှာ မနေကြဖို့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။