ယူရို ၈၆ သန်းကိစ္စ အဆင့်မြင့်အဖွဲ့ စိစစ်မည်


2016-05-30
Share
theinlwin-usdp-620.jpg ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသိန်းလွင်ကို မေလ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရန်ပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အရင်အစိုးရထဲက လူကြီးတွေ ပါဝင်ပတ်သက်နေတဲ့အတွက် ဝန်ကြီးဌာန ထက် မြင့်တဲ့အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး စိစစ်ဖို့ ဆုံးဖြတ်ထားကြောင်း ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးသိန်းလွင် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဟောင်း ၁၂ ဦးရဲ့သတင်းစာရှင်းလင်းပွဲ မှာ ကော်မရှင်ထံ ကျောက်မျက်လုပ်ငန်းရှင်တွေက ပေးပို့ထား တဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို သတင်းထောက်တစ်ဦး က မေးမြန်းရာမှာ ဦးသိန်းလွင် က ပြောခဲ့တာဖြစ်ပါတယ်။

"သက်ဆိုင်ရာဝန်ကြီးဌာနက ဒီတိုင်ကြားစာကို စိစစ်ကြည့်သင့်တယ်လို့ ကျနော်တို့က ဒါပထမတစ်ဖြတ်ပေါ့နော်၊ တကယ်လို့ စိစစ်တာမှန်ကန်ခဲ့ရင် တိုင်တဲ့လူလည်းမှန်တယ်၊ အကြောင်းအရာလည်း မှန်တယ်ဆိုလို့ရှိရင် ဒါတွေက အရင်အစိုးရလက်ထက်က လူကြီးတွေပါနေတယ်၊ အဲ့အကြောင်းအရာကျတော့ ဝန်ကြီးဌာနထက် ပိုပြီးတော့မြင့်တဲ့ အဖွဲ့အစည်းတစ်ခုက အကြောင်းအရာပါတွေကို သေချာစိစစ်ကြည့်သင့်တယ်လို့ ကျနော်တို့ ကော်မရှင်က ဒါကိုဆုံးဖြတ်ပါတယ်"

ကျောက်မျက်အသင်း စတင်တည်ထောင်စဉ် ၂၀၀၉ ခုနှစ်ကစပြီး ၂၀၁၆ ခုနှစ်အထိ တစ်ရာခိုင်နှုန်း အခွန် ကောက်ခံရရှိငွေ ယူရိုငွေ ၈၇ သန်း ရှိကြောင်း အခုအခါမှာ ၇ သန်းသာကျန်ရှိတော့ကြောင်း တိုင်ကြားစာမှာ ပါရှိတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်းချုပ် ဥက္ကဌ ဦးရုံးမူ လက်ထက်မှာ ငွေကြေးမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ထံ တိုင်ကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုင်ကြားစာထဲမှာ အနုပညာဦးစီးဌာနအတွက် အရင်သမ္မတဟောင်း ဦးသိန်းစိန်က ယူရိုငွေ ၇ သန်း ထုတ်ပေးတာ၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ယူရိုငွေ ၅ သန်းပေးတာတွေလည်း ပါဝင်ပါတယ်။

တိုင်ကြားသူတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ၊ စာရင်းစစ် အရာရှိ၊ ဆောက်လုပ်ရေး ဌာနက အင်ဂျင်နီယာ၊ သတ္တုတွင်းဌာန ကိုယ်စားလှယ်၊ ကျောက်မျက်အသင်းရဲ့ ကိုယ်စားလှယ်နဲ့ ဥပဒေပညာရှင် စတဲ့ ၇ ဦးပါတဲ့ ခုံရုံးဖွဲ့ပေးဖို့ သတ္တုတွင်း ဝန်ကြီးကို အကြုံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့