ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က) နဲ့အမှုဖွင့်ခံထားရပြီးနောက် တိမ်းရှောင်နေရတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦးကို မန္တလေး ချမ်းအေးသာစံမြို့နယ်က နေအိမ်တစ်လုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ဝင်ရောက်ဖမ်းဆီး သွားခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။
အဖမ်းခံရသူ အမျိုးသမီးသုံးဦးဟာ ဒီနေ့အထိ ဘယ်မှာရှိနေတယ်ဆိုတာကို မသိရ သေးရသေးဘူးလို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"မနှင်းနုနုလွင်က မန္တလေးက သူ့အသိအိမ်ကိုသွားတာ။ ကျနော်နဲ့ နောက်ဆုံး အဆက်အသွယ်ရတာက ၁၁ ရက်နေ့ ညနေပိုင်း လေးနာရီမထိုးခင်လောက်ပေါ့။ အဲနောက်ပိုင်း အဖမ်းခံရတယ်ဆိုတာပဲ ကြားရတယ်။ ဘာသတင်းမှလည်း မရတော့ဘူး။ ဘယ်မှာရှိနေတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာလဲ အခုထိမသိရသေးဘူး"
မနှင်းနုနုလွင်နဲ့အတူ အဖမ်းခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ အိမ်ရှင်အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ကျောက်မဲမြို့ခံ မနှင်းနုနုလွင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူထု ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို လူမှုကွန်ယက် စာမျက်နှာမှာ စစ်တပ်နဲ့ ဝန်ထမ်းတွေကို အမုန်းပွားအောင်ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေရတာလို့ သူနဲ့နီးစပ်သူအချို့က ပြောပါတယ်။
မနှင်းနုနုလွင်အပါအဝင် မန္တလေးမြို့အတွင်းက ဖမ်းဆီးခံရတဲ့အမျိုးသမီး သုံးဦးကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂၊ အောက်တိုဘာ လ ၁၂ ရက်နေ့အထိ အဖမ်းခံထားရသူ ၁၂,၆၃၃ ဦးရှိခဲ့ပြီး အဲဒီထဲမှာ ၁၅၃၉ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။