အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က ရီပတ်ဗလီကင် အမတ် Mitch McConnell က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမတ်တွေ ရွေးကောက် တင်မြှောက်ခံရတာဟာ တိုင်းပြည်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ပြောဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်အမတ် Joseph Crowley ကလည်း အပြည်ပြည်ဆိုင်ရာ မိသားစုအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့မှုတွေကို အလျင်စလို ရုပ်သိမ်းရမယ့် အချိန်မဟုတ်သေးဘူးလို့ အစောပိုင်းကတည်းက ပြောဆိုထားတာပါ။
ပိတ်ဆို့ အရေးယူမှု အများစုဟာ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအောက်မှာ ချမှတ်ထားတာဖြစ်လို့ ရုပ်သိမ်းရာမှာလည်း လွှတ်တော်နှစ်ရပ်စလုံးက အမတ်အများစုတွေ သဘောတူကြရမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အစုအဖွဲ့ AIPMC က ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆင်နွဲနိုင်တာဟာ စစ်အစိုးရ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မေ့ပျောက်ပစ်ရမယ်လို့ မဆိုလိုကြောင်း ဂျာကာတာမြို့မှာ ပြောဆိုပါတယ်။
ဒါ့အပြင် လာမဲ့ ရက်သတ္တပတ် ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပတဲ့အခါ အာဆီယံနိုင်ငံတွေ အနေနဲ့ဝမ်းသာပီတိဖြစ်ကြောင်း ပြသမနေဖို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်လည်း မျှမျှတတ စဉ်းစားပေးဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။