တရုတ်နယ်စပ် ချင်းရွှေဟော်နဲ့ ဝမ်တိန်ဂိတ်တွေကို MNDAA ပြန်ဖွင့်

၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားခဲ့ရတဲ့ မြန်မာ - တရုတ်နယ်စပ် ချင်းရွှေဟော်နဲ့ ဝမ်တိန်ဂိတ်တွေကို မတ်လ ၁၁ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပြီလို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောပါတယ်။

လူအဝင်အထွက်တော့ ဖွင့်လိုက်ပေမယ့် ကုန်ပစ္စည်း အဝင်အထွက်ကိုတော့ အတိအကျပြောလို့ မရသေးဘူးလို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) သတင်းပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက RFA ကို အတည်ပြုပြောပါတယ်။

“ရုတ်တရက် ဖွင့်လိုက်တဲ့အခြေအနေပါ။ မနေ့က ဖွင့်လိုက်တယ်လို့ သိရပါတယ်။ စာအုပ်ရှိထားတဲ့လူတွေ ဝင်ထွက်သွားလာလို့ရတယ်။ ကုန်ပစ္စည်း အဝင်အထွက် ကိစ္စတွေကတော့ အတိအကျပြောလို့ မရသေးဘူး။ ကျွန်တော်လည်း ထပ်ပြီးမေးရပါဦးမယ်”

ချင်းရွှေဟော် နယ်စပ်ဂိတ်ဟာ ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့မှာတည်ရှိပြီး ဝမ်တိန်ဂိတ်ကတော့ မူဆယ်မြို့ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲမှာရှိတာပါ။

ဝမ်တိန်နယ်စပ်ဂိတ်ကို လူအဝင်အထွက်အတွက် ဖွင့်ပေးတယ်ဆိုပေမယ့် သွားလာသူတွေတော့ မရှိသေးဘူးလို့ ပန်းဆိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ကိုးကန့်က သူတို့နှစ်ပတ်လည်နေ့ဆိုပြီး ဖွင့်လိုက်တယ်ပေါ့နော်။ လူအဝင်အထွက်တော့ ရတယ်လေ။ ကုန်ကားတွေက ဘယ်လိုမှမဝင်နိုင်ဘူး။ လူဝင်ဖို့တောင် တံဆိပ်တုံးတွေ ဘာတွေရိုက်ဖို့က ဘာမှမသိရသေးဘူး”

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး တိုက်ပွဲတွေကြောင့် အဲဒီနယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားခဲ့ရတာ သုံးလကျော်ခဲ့ပါပြီ။

အဲဒီနယ်စပ်ဂိတ်တွေဟာ တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်ပေါက်တွေဖြစ်ပါတယ်။

လက်ရှိ မူဆယ်နယ်စပ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း၊ ဝမ်တိန် နယ်စပ်ဂိတ်ပေါက်ရှိတဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲနဲ့ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်နယ်စပ်မြို့တွေကို (MNDAA) တပ်ဖွဲ့က သိမ်းထားတာပါ။

စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့ ဆွေးနွေးပွဲမှာလည်း တရုတ်နယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အခုနယ်စပ်ဂိတ်တွေ ပြန်ဖွင့်တဲ့ကိစ္စဟာ ဆွေးနွေးပွဲရလဒ်ကြောင့် ဟုတ်၊ မဟုတ်ဆိုတော့ကိုတော့ (MNDAA) သတင်းပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ပြောဆိုခြင်းမရှိပါဘူး။