“ဝ”နဲ့ ကိုးကန့်ခေါင်းဆောင်တွေ ပန်ဆန်းမှာတွေ့

RFA Burmese
2024.01.26
“ဝ”နဲ့ ကိုးကန့်ခေါင်းဆောင်တွေ ပန်ဆန်းမှာတွေ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့တွင် ကိုးကန့်နှင့် “ဝ”ခေါင်းဆောင်များ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံစဥ်။
UWSA

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) နဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်တွေဟာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ပန်ဆန်းမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

ကိုးကန့် MNDAA ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဖုန်တဲရင် ဦးဆောင်တဲ့အဖွဲ့နဲ့ “ဝ” UWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ကြတာပါ။

“ဝ”တပ်ဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးက တရုတ်ရိုးရာ နှစ်သစ်ကူးအကြို လည်ပတ်မှုဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အပြန်အလှန် ကူညီခဲ့ကြမှုတွေအတွက် အသိအမှတ်ပြု တွေ့ဆုံတာမျိုးဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးမှာ “ဝ”တပ်ဖွဲ့ဘက်ကလည်း အများကြီး ကူညီထားတာတွေရှိတယ်။ သူတို့အချင်းချင်းကြားမှာက နားလည်မှုတွေ ရှိထားပြီးသား။ အခုကိုးကန့်က သူနေရာပြန်ရပြီ။ “ဝ”ကလည်း ဟိုပန်နဲ့ ပန်လုံကို ရလိုက်ပြီဆိုတော့ ဒီအပေါ်မှာ သုံးသပ်ဆွေးနွေးကြတာလည်း ရှိနိုင်တယ်”

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA က ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) စတဲ့ တရုတ်နယ်စပ်မြို့တွေ အပါအဝင် သိန္နီ၊ ကွမ်းလုံ၊ ကုန်းကြမ်းစတဲ့ မြို့ ခုနစ်ခုကို သိမ်းပိုက်ထားပါတယ်။

UWSA ဟာလည်း အဲဒီစစ်ဆင်ရေးအတွင်း ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် မိုင်းလားဒေသ၊ “ဝ”ဒေသ၊ ကိုးကန့်ဒေသတွေဟာ တရုတ်နဲ့ တစ်ဆက်တည်း ဖြစ်သွားတဲ့အတွက် ဒီအဖွဲ့တွေဟာ တရုတ်လိုလားတဲ့ အင်အားစုတွေအဖြစ် စုစည်းရပ်နိုင်သွားနိုင်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။