ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စက်တင်ဘာလအတွင်း အသက် (၁၀) နှစ်အောက်ကလေးငယ် (၃) ဦး အပါအဝင် (၅ )ဦး သေဆုံးပြီး (၁၄) ဦးဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်မ ၆၆ ကပစ်ခတ်ခဲ့တာဖြစ်တာလို့ ဆိုပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ကနေ စက်တင်ဘာ ၂၆ ရက်နေ့အထိ မိုးဗြဲမြို့နယ် ရပ်ကွက်တွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာရာကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး မြို့ထဲနဲ့ရပ်ကွက်တွေထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုတွေပြုလုပ်နေကြောင်း လက်ရှိအချိန်အထိ မိုးဗြဲမြို့တွင်း၊ မြို့ပြင်နဲ့ စက်တော်ရာတောင်တို့မှာ တပ်စွဲနေထိုင်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကို ဆက်သွယ်ရာမှာလည်း အဆက်အသွယ် မရသေးပါဘူး။