ကချင်ပြည်နယ် မိုးကောင်းမြို့မှာ CDM ဆရာမအပါဝင် လူငယ် သုံးဦး စက်တင်ဘာလ ၃၀ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး Kaung for You ကျောင်းမှာ စာသင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ CDM ဆရာမ ဒေါ်စိုးမြမြကို ထောင်ဒဏ် ငါးနှစ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ ပါဝင်လို့ ဖမ်းဆီး ခံထားရတဲ့ လူငယ် သုံးဦးကို ထောင်ဒဏ် နှစ်နှစ်စီ မိုးကောင်းမြို့နယ် တရားရုံးကနေ အမိန့်ချခဲ့တာလို့ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံထားရတဲ့ CDM ဆရာမ အပါဝင် လူငယ်သုံးဦးကို မိုးညှင်းထောင်ကို ပို့ဆောင်ရမှာ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ မိုးကောင်းမြို့နယ် ရဲစခန်းမှာပဲ ဖမ်းချုပ် ထားဆဲပဲလို့ CDM ဆရာမ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကိုပြောပါတယ်။
“ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အမိန့်ချလိုက်တာ။ ပုံမှန်ဆို မိုးကောင်းမြို့နယ် တရားရုံးကနေ အမိန့်ချပြီးရင် မိုးညှင်းထောင်ကို ပို့တာများတယ်။ အခု အမိန့်ချခံရတဲ့ ဆရာမရော ကလေးသုံးရောက်ရော အခုထိ ရဲစခန်းထဲမှာပဲ ရှိသေးတယ်လို့ သိထားတယ်”
CDM ဆရာမ ဒေါ်စိုးမြမြဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) နဲ့ တရားစွဲခံရတာဖြစ်ပြီး ကျန်လူငယ်သုံးဦးကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။
အမိန့်ချမှတ်ခံရတဲ့ CDM ဆရာမနဲ့ လူငယ်သုံးဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က နေအိမ်တွေကနေ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေ ပြောပါတယ်။